PDF နဲ့ ဆက်စပ်တယ်ဆိုပြီး တောင်ကုတ်က ကျောင်းဆရာမတစ်ဦး အဖမ်းခံရ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့က အထက်တန်းပြ ကျောင်းဆရာမ တစ်ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး နိုဝင်ဘာလ ၂၀ ရက်နေ့က အဖမ်းခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၄၀ အရွယ် ဒေါ်ချယ်ရီသက်ရှည်ဟာ တောင်ကုတ်မြို့ အထက (၂) ကျောင်းကနေ အာဏာဖီဆန်ရေး CDM လုပ်ထားသူဖြစ်ပြီး နိုဝင်ဘာ ၂၀ ရက်နေ့က စစ်သားနဲ့ရဲတွေက သူမနေအိမ်မှာ ဝင်ရောက်ဖမ်းသွားကာ အခုအချိန်အထိ အဆက်အသွယ် မရသေးဘူးလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အခုလို ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ တောင်ကုတ်မြို့ ရဲစခန်းကို RFA က ဆက်သွယ်မေးခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာလည်း (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး ပြီးခဲ့တဲ့ အောက်တိုဘာလက အသက် မပြည့်သေးတဲ့ ကလေးတစ်ဦး အပါအဝင် အမျိုးသမီး သုံးဦးနဲ့ အမျိုးသား နှစ်ဦး ဖမ်းဆီးခံထားရပါတယ်။
မြောက်ဦးမြို့နယ်မှာလည်း လူငယ်တစ်ဦး ဖမ်းဆီးခံထားရပြီး အခုဆိုရင် ရခိုင်ပြည်နယ်မှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံထားရသူ ခုနစ်ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။
အဲဒီအထဲက သံတွဲမြို့နယ်က အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦးနဲ့ မြောက်ဦးမြို့နယ်က လူငယ်တစ်ဦး တို့ကိုတော့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။