တန့်ဆည်မြို့ မြောက်အင်းရွာကို စစ်ကောင်စီ တပ်တွေဝင်လာပြီး အိမ်ခြောက်လုံး မီးလောင်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ မြောက်အင်းရွာကို ဒီဇင်ဘာလ ၂၆ ရက် ဒီနေ့ စစ်ကောင်စီတပ်သားတွေ ဝင်လာပြီးတဲ့နောက် နေအိမ်ခြောက်လုံးထက်မနည်း မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်သား အယောက် ၅၀ လောက်နဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေ ဒီမနက်ပိုင်းက ရွာထဲဝင်လာပြီး နေအိမ် ခြောက်လုံးထက်မနည်း မီးလောင်ခံရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက် က ပြောပါတယ်။
"စစ်သားတွေရဲ့ ခြေလျင်စစ်ကြောင်းရှေ့မှာ စပါးရိတ်စက်ကို ရှေ့ကနေမောင်းပြီး ရွာတွေကိုပတ်နေတာ၊ ဘာရယ်ရွယ်ချက်လဲတော့ မသိပေမယ့် စပါးခင်းတွေ အတင်းရိတ်ခိုင်းမယ် ထင်တယ်။ ဒါပေမဲ့ ရွာတွေက သူတို့ကိုကြောက်လို့ ထွက်ပြေးနေကြတော့ လူမရှိကြဘူး၊ အခုလည်း ရွာကသူတွေ ရွာနား မကပ်ရဲကြဘူး"
အခုနေ့လယ်ပိုင်းအထိ စစ်ကောင်စီတပ်သားတွေ ရွာထဲလှည့်ပတ်နေပြီး ရွာသားတွေအကုန်လုံးလည်း ကြောက်လန့်ထွက်ပြေးနေကြရပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ PDF တွေ လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းထဲမှာ အခုကာလ သီးနှံ ရိတ်သိမ်းချိန်ဖြစ်ပေမယ့် ဒေသခံတွေဟာ လုံခြုံရေးအခြေအနေအရ ရိတ်သိမ်းတာတွေ မလုပ်နိုင်ကြဘူးလို့ ပြောကြပါတယ်။
တောတောင်တွေထဲ ပုန်းရှောင်နေကြရပြီး စစ်ကောင်စီတပ်တွေနဲ့ တွေ့ရင် ဖမ်းဆီးသတ်ဖြတ်တာတွေ ခံနေရလို့ လယ်ယာလုပ်ငန်းခွင်တွေ ဒီအတိုင်းပစ်ထားရတယ်လို့ ပြောကြပါတယ်။