တနင်္သာရီမြို့နယ်မှာ လေကြောင်းကနေတိုက်ခိုက်လို့ အမျိုးသမီး သုံးဦး ဒဏ်ရာရ

RFA Burmese
2025.01.13
တနင်္သာရီမြို့နယ်မှာ လေကြောင်းကနေတိုက်ခိုက်လို့ အမျိုးသမီး သုံးဦး ဒဏ်ရာရ တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Facebook/ နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၃ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲမရှိဘဲ စစ်ကောင်စီက နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က တာဝန်ခံတစ်ဦးက ပြောပါတယ်။

“ဘာတိုက်ပွဲမှ မရှိပါဘူး။ သူတို့စစ်ကြောင်းထိုးနေတာက သိမ်ခွန်းဘက်မှာပါ တကူနဲ့ အဝေးကြီး။ အခုက ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ။ တကူဆေးရုံအနီးမှာ တစ်ကြိမ်၊ ရွာထဲမှာ တစ်ကြိမ် အကြောင်းမဲ့ဗုံးကြဲသွားတာပါ"

ဗုံးကြဲတိုက်ခိုက်မှုကြောင့် တကူကျေးရွာက နေအိမ်တွေလည်း ပျက်စီးသွားပါတယ်။ ဒဏ်ရာရရှိထားသူတွေထဲက မျက်စိနဲ့ လည်ပင်းမှာ ထိခိုက်ထားသူတစ်ဦး အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် ဆေးကုနေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့ အထူးဂရုစိုက်ကြ ဖို့ကိုလည်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က သတိပေးထားပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတို့နဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃၇၂၀ ဦး ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။