တမူးမှာ တိုက်ပွဲကြောင့် လမ်းတွေပိတ်နေလို့ ကုန်ဈေးနှုန်းမြင့်တက်
2023.06.29

စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ကလေး-တမူး သွားကားလမ်းကိုလည်း ပိတ်ထားတာကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်နေလို့ စားသောက်ကုန် အပါအဝင် လူသုံးကုန်ပစ္စည်းတွေ ဈေးနှုန်း ကြီးမြင့်လာတယ်လို့ ဒေသခံတွေက ဇွန်လ ၂၉ ရက် ဒီနေ့မှာ RFA ကိုပြောပါတယ်။
ဇွန်လ ၁၄ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နှစ်ဖက်ပစ်ခတ်မှုတွေအကြား ကလေး-တမူး ကားလမ်းပေါ်က ပန်းသာတံတား ပျက်စီးခဲ့လို့ ကားနဲ့ဆိုင်ကယ်တွေလည်း သွားလို့မရဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"တမူးမြို့မှာ ကုန်ဈေးတွေတက်တယ်။ ဆန် တစ်အိတ်ကို ကိုးသောင်းအောက်မရှိဘူး။ ကျန်တဲ့ ကုန်ဈေးတွေ အကုန်တက်တာပေါ့။ ဘာကြောင့် အခုလိုတက်တာလဲဆိုတော့ တမူးလမ်းပိတ်တာ နှစ်ပတ်ကျော်လောက်ရှိပြီ။ အဲဒါကြောင့် ကုန်ဈေးတွေတက်တာပေါ့"
ကလေးမြို့ကို သွားလာဖို့အတွက် ကလေး-တမူးလမ်းကို သုံးလို့မရဘဲ အိန္ဒိယနယ်စပ်နားက တမူးကနေ ဘုတ်ကန်၊ ဘုတ်ကန်ကနေ ကလေးကို ကွေ့ပတ်ပြီး ခက်ခက်ခဲခဲ သွားလာနေရတယ်လို့ သူကဆိုပါတယ်။
အဲဒီသွားလာလို့ ရဖို့အတွက် ဆိုင်ကယ် ဌားရမ်းစီးခက တမူးကနေ ဘုတ်ကန်ကို နှစ်သာင်းကျပ်၊ ဘုတ်ကန်ကနေ ကလေးမြို့ကို နှစ်သာင်းကျပ်ပေးရလို့ ခရီးသွားလာရေး စရိတ်တွေလည်း ကြီးမြင့်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အရင်က ကလေး-တမူး သွားလာစရိတ်က တစ်သောင်းသုံးထောင်ခန့်သာ ကုန်ကျပြီး လက်ရှိမှာ ခရီးစရိတ် ခုနစ်သောင်းလောက် ကုန်ကျခံသွားလာရပေမယ့် လမ်းမှာလည်း လုံခြုံမှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
တမူးမြို့နယ်ထဲမှာတော့ လက်ရှိအချိန်ထိ နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။