တာမွေဆန္ဒပြပွဲမှာ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်ပေးဖို့ အစိုးရဌာနတွေဆီ စာပို့


2018.05.30
peace-activists-ygn-press-622.jpg ငြိမ်းချမ်းရေးလှုပ်ရှားမှုပါဝင်သူအချို့ရဲ့ သတင်းစာရှင်းလင်းပွဲကို ၂၀၁၈ ခုနှစ်၊ မေလ ၃၀ ရက်နေ့က ရန်ကုန်မြို့က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ကျင်းပစဉ်
Photo: Thant Zin Oo/ RFA

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်မှာ စစ်ပွဲတွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြသူတွေ ဖမ်းဆီးတရားစွဲဆိုခံရပြီး အရပ်ဝတ်တွေက ဖမ်းဆီးချုပ်နှောင်တာတွေကို စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ လွှတ်တော် ဥက္ကဋ္ဌတွေ၊ ပြည်ထဲရေးဝန်ကြီးနဲ့ လူ့အခွင့်အရေးကော်မရှင် အပါအဝင် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း ၁၄ ခုကို ဒီကနေ့ တိုင်ကြားစာ ပေးပို့လိုက်ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေရှေ့မှာ ဥပဒေမဲ့လုပ်တဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရဌာနတွေကတဆင့် အရေးယူပေးဖို့ အခုလို တိုင်ကြားစာပေးပို့တာဖြစ်တယ်လို့ ငြိမ်းချမ်းရေးလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ကိုမြတ်ကျော် က ဒီကနေ့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ကျနော်တို့ဖြစ်စေချင်တာက ဒီလိုဥပဒေမဲ့ ရဲတပ်ဖွဲ့အရှေ့မှာလုပ်တာက အစိုးရအဖွဲ့၊ ပြည်ထဲရေးဝန်ကြီး၊ ရဲတပ်ဖွဲ့တွေက တိတိကျကျပြင်းပြင်းထန်ထန် အရေးယူရမယ်၊ ကျနော်တို့က လိုက်လုပ်တယ်ဆိုတာထက် သက်ဆိုင်ရာအာဏာပိုင်က ထိရောက်စွာကိုင်တွယ်ဖို့ ကျနော်တို့မျှော်လင့်တယ်၊ လိုချင်တယ်ပေါ့နော်"

မေလ ၁၂ ရက်နေ့က တာမွေမြို့နယ်မှာ စစ်ပွဲတွေရပ်တန့်ဖို့ တောင်းဆိုခဲ့ကြတဲ့အတွက် ဖမ်းဆီးတရားစွဲခံထားရသူ ၁၇ ဦးရှိပြီး သူတို့ဟာ လူ့အခွင့်အရေးချိုးဖောက်ခံရသလို  ရဲတပ်ဖွဲ့တာဝန်ရှိသူတွေရဲ့ လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားလုပ်တာ ခံရတယ်လို့ ဆိုပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်သူ ၁၇ ဦးကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ နဲ့ တရားစွဲဆိုထားပြီး ၁၅ ဦးကို မေလ ၂၅ ရက်နေ့က ဗဟန်းမြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

အဲဒီနေ့ရုံးထုတ်ကို မလာရောက်ခဲ့တဲ့ ကိုလင်းထက်နိုင်၊ ကိုဖိုးစိုးတို့ကိုတော့ ဗဟန်းမြို့နယ် တရားသူကြီး ဦးခင်ဇော်က တရားခံပြေးအဖြစ် တရားခွင်မှာ သုံးနှုန်းခဲ့ပါတယ်။ နောက်တစ်ပတ်ရုံးချိန်းကိုတော့ လာမယ့် ဇွန်လ ၈ ရက်နေ့ကို ပြန်ချိန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။