တိုက်ပွဲကြောင့် လူထုနစ်နာမှုကို ရှမ်းအရပ်ဖက်အဖွဲ့တွေ ထုတ်ပြန်


2019.09.02
fired-cars-622.jpg သိန္နီ-လားရှိုး လမ်းပိုင်း ပန်ဖတ်ရွာနဲ့ မိုင်းလီရွာကြားတံတားပေါ်မှာ ၂၀၁၉၊ သြဂုတ် ၃၀ ရက်နေ့က မီးရှို့ခံခဲ့ရတဲ့ ခရီးသည် မှန်လုံကားတစ်စီးနဲ့ ဟိုက်ဂျက်ကုန်တင်ကားငယ်တစ်စီးကို တွေ့ရစဉ်
ဓါတ်ပုံ - ကံသာ/ RFA

တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရတာတွေဟာ နှစ်ဘက်တပ်တွေမှာ တာဝန်ရှိတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက မနေ့က စက်တင်ဘာလ ၁ ရက်နေ့မှာ သဘောထား ထုတ်ပြန်ပါတယ်။

တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာ၊ ကိုယ်အင်္ဂါ ပျက်စီးဆုံးရှုံးပြီး ဘ၀ တစ်သက်တာ မသန်စွမ်းဘဝနဲ့ ရှင်သန်ရတာတွေကြောင့် စိတ်ဝေဒနာ ခံစားနေကြရတယ်လို့ အဲဒီထုတ်ပြန်ချက်မှာပါရှိပါတယ်။

ပြည်သူတွေနေထိုင်တဲ့နေရာတွေမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေမှာ ကြောက်လန့်စိတ်နဲ့ အိပ်မပျော်နိုင်ကြတဲ့အကြောင်း၊ ကလေးတွေလည်း စိုးရိမ်ကြောင့်ကြနေရပြီး စာသင်ကျောင်းတွေလည်း ပိတ်လိုက်၊ ဖွင့်လိုက်ဖြစ်နေကြရတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဟောင်းဒေါင်းက ပြောပါတယ်။

အဲဒီလို ပြည်သူတွေခံစားနေရတာတွေဟာ နှစ်ဘက်တပ်တွေမှာ တာဝန်ရှိနေကြောင်း၊ အထူးသဖြင့် တာဝန်ရှိသူတွေနဲ့ ကျူးလွန်သူတွေကို အရပ်ဘက်ဥပဒေအရ တရားစီရင်အပြစ်ပေးနိုင်ဖို့၊ ဥပဒေကြောင်းအရ တရားမျှတမှု ရှိစေဖို့၊ နစ်နာခဲ့ရတဲ့ ပြည်သူတွေကို နစ်နာကြေးတွေပေးပြီး စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက် တာဝန်ယူဖို့၊ ထိခိုက်ပျက်စီးသွားတဲ့ အိုးအိမ်၊ ပစ္စည်းတွေအတွက်လည်း လျော်ကြေးအပြင် နစ်နာကြေးတွေပေးဖို့ တောင်းဆိုကြပါတယ်။

ဒါ့အပြင် အရပ်သားပြည်သူတွေ နေထိုင်တဲ့ မြို့၊ ရွာတွေ၊ ပြည်သူပိုင်ပစ္စည်းတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ရပ်တန့်ပေးဖို့၊ အခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အမြန်ဆုံးရပ်တံ့ပေးဖို့၊ အရပ်သားပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကို အကာကွယ်ပေးထားတဲ့ မြန်မာ့ဥပဒေတွေ၊ နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာဖို့လည်း ထုတ်ပြန်ထားပါတယ်။

(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။