SSPP/SSA နဲ့ ငြိမ်းချမ်းရေးကော်မရှင် တေ့ွဆုံ


2018.05.02
sspp-ssa-622.jpg SSPP/SSA တပ်ဖွဲ့ဝင်များကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့က ကျင်းပတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် ၅၄ နှစ်ပြည့်အခမ်းအနားမှာ တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ ငြိမ်းချမ်းရေးကော်မရှင်က တာဝန်ရှိသူတွေဟာ SSPP ဌာနချုပ်ဖြစ်တဲ့ ဝမ်ဟိုင်းမှာ ဒီနေ့အထိ နှစ်ရက်ကြာတွေ့ဆုံပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် နှစ်ဖက်အဖွဲ့အစည်းတွေကို ချိတ်ဆက်ညှိနှိုင်းပေးခဲ့တဲ့ ရှမ်းတိုင်းရင်း သားများဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ဆွေးနွေးပွဲအခြေအနေကောင်းတာကြောင့် လက်မှတ်ရေးထိုးဖို့ မျှော်လင့်ရကြောင်း ပြောပါတယ်။

"လက်မှတ်ရေးထိုးဖို့က မျှော်လင့်ရတာပေါ့။ အလားအလာကောင်းဖို့က မျှော်လင့်ရတာပေါ့။ ကျနော်တို့က ပါဝင်ပြီးတော့ မဆွေးနွေးဘူးဗျ။ အကျိုးဆောင်ပဲဆိုတော့ ထိုင်ပြီးတော့ပဲ နားထောင်တယ်။ SNDP က ဥက္ကဌ၊ ဒုဥက္ကဌ နှစ်ယောက် ကော်မရှင်က ဦးသိန်းဇော်က ဒုဥက္ကဌအနေနဲ့ သွားတယ်။ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး သွားတယ်။ PSO တွေ၊ သူ့ရုံးအဖွဲ့တွေသွားတယ်။ သူတို့ဘက်က ၅ ယောက်၊ ကျနော်တို့ဘက်က ၃ ယောက် ၈ ယောက်သွားတယ်"

လက်ရှိမှာ SNDP ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းဟာ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ရှမ်းနိုင်ငံရေးပါတီတွေ၊ အရပ်ဖက် အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ရဲ့ အလှည့်ကျ သဘာပတိ တာဝန် ယူထားတာဖြစ်ပြီး CSSU မှာ တာဝန်ယူထားချိန်မှာ SSPP ဘက်က NCA လက်မှတ်ရေးထိုးလာနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

ဒီနေ့မှာ ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စုအတွင်းက ညောင်မောင်းနဲ့ ညောင်ပင်လှ ကျေးရွာတွေနားမှာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ တအာင်းလွတ်မြောက်ရေးတပ်မတော်နဲ့ အစိုးရတပ်မတော် တို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ ကျောက်မဲမြို့ခံ ဦးတင်မောင်သိန်း က ပြောပါတယ်။

တအာင်းလွတ်မြောက်ရေးပါတီက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်ကတော့ အစိုးရတပ်မတော်နဲ့ တအာင်း လွတ်မြောက်ရေးတပ်မတော်တို့ နှစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရနဲ့ SSPP ကြား တိုက်ပွဲဖြစ် တယ်ဆိုတဲ့ သတင်းတွေလည်းကြားတယ်လို့ ဆိုပါတယ်။

ဒီမေလ မကုန်ခင်မှာ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ကျင်းပဖို့ရှိပြီး အခုဝမ်ဟိုင်းမြို့ တွေ့ဆုံပွဲ အခြေအနေအရ အစိုးရဘက်ပိုင်းက ဆွေးနွေးပွဲတက်ရောက်ဖို့ ဖိတ်ကြားလာရင် SSPP အနေနဲ့ တက်ရောက် နိုင်ခြေရှိတယ်လို့ ဦးစိုင်းအိုက်ပေါင်း ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။