ပင်လုံမြို့နယ်က SSPP တပ်တွေပြန်ဆုတ်ဖို့ စစ်ကောင်စီတပ် ဖိအားပေး

RFA Burmese
2022.12.21
ပင်လုံမြို့နယ်က SSPP တပ်တွေပြန်ဆုတ်ဖို့ စစ်ကောင်စီတပ် ဖိအားပေး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့ဝင်တချို့အား ၂၀၁၆ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့အနောက်ဘက် ဆင်နင်းတောင်အနီးက ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) တပ်တွေ ပြန်ဆုတ်ဖို့ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၉ ရက်မှာ စာပို့ပြီး ဖိအားပေးလာတယ်လို့ SSPP က ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ဌာနပေါင်းစုံပူးပေါင်းအဖွဲ့တွေက ဆင်နင်းတောင်အနီးမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ နယ်မြေရှင်းလင်းရေးနဲ့ မူးယစ်ဆေးတိုက်ဖျက်ရေး စီမံချက်လုပ်ဖို့ရှိတဲ့အကြောင်း စစ်ကောင်စီဘက်က ပေးပို့တဲ့စာမှာ ဖော်ပြထားတယ်လို့ SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းဖုန်းဟန် က ပြောပါတယ်။

“ဘိန်းခင်းတွေဖျက်ဖို့နဲ့ နယ်မြေရှင်းလင်းရေး စီမံချက်ဆောင်ရွက်မယ်၊ SSPP တပ်တွေရှိရင် ဖယ်ပေးပါဆိုပြီး စာပို့လာတာပါ။ ဖယ်မယ်၊ မဖယ်ဘူးဆိုတာကတော့ ကျနော်တို့ အစည်းအဝေးမှာ ညှိနှိုင်းရဦးမှာမို့ ယတိပြတ်ပြောလို့ မရသေးဘူးဗျ”

ရှမ်းပြည်နယ်တောင်ပိုင်းမှာ အခုနှစ်၂၀၂၂ မတ်လအထိ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး SSPP တပ်ဖွဲ့က ဆင်နင်းတောင်အနီးမှာ ဒီနေ့အထိ နေရာယူထားတာ ဖြစ်ပါတယ်။

ဆင်နင်းတောင်ကြောတစ်ဝိုက် နေရာယူထားတဲ့ SSPP တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာဖို့ အခု နှစ် မတ်လ ၃၁ ရက်ကလည်း ညွှန်ကြားခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်မှာစိုးရိမ်တဲ့ အတွက် ဆုတ်ခွာခိုင်းတာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ဖြေကြားခဲ့ပါတယ်။

ဒီအပြင် ၂၀၂၂ခုနှစ် ဇွန်လတုန်းကလည်း ရှမ်းပြည်တောင်ပိုင်း မိုင်းရှုးမြို့နယ် လွိုင်နိုင်းရွာနဲ့ မိုင်းအော်ရွာအနီးက SSPP တပ်စခန်းတွေကို ဆုတ်ခွာဖို့ စစ်ကောင်စီက ဖိအားပေးခဲ့ ပါတယ်။

SSPP တပ်ဖွဲ့ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေစာချုပ် (NCA) မှာ လက်မှတ် ရေးထိုးထားခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းတာကိုတော့ SSPP က လက်ခံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။