အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးမယ့် SSA တပ်နဲ့ အစိုးရတပ်တွေ တိုက်ပွဲ ဖြစ်ပွား
2015.08.26

အစိုးရနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးမယ်လို့ မကြာသေးမီက ကြေညာထားတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ အစိုးရ တပ်ဖွဲ့တွေ မနေ့က တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး အစိုးရ တပ်ဘက်က ရွာသား ၇ ဦး ကို ဖမ်းဆီးသွားတယ်လို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းလက RFA ကို ပြောပါတယ်။ ကွမ်ဟိန်းမြို့နယ်တောင်ဘက်ပိုင်းမှာ ဝမ်လောင်း ကျေးရွာအုပ်စုနားမှာ မနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီကျေးရွာက ရွာသား တွေကို ဖမ်းဆီးသွားတာဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်းလ က ပြောပါတယ်။
"အစိုးရစစ်ကြောင်းက ကျနော်တို့ နေရာကို စစ်ကြောင်း ၃ ကြောင်းနဲ့ ဝင်လာလို့ ကျနော်တို့ကိုအကြောင်း လည်းမကြားဘူး၊ ကျနော်တို့ တောထဲမှာ တိုက်ပွဲ ငယ်လေးတွေဖြစ်ပွားရခြင်းဖြစ်ပါတယ်၊ အစိုးရဘက်က တစ်ဦးသေပြီးတော့ ၅ ယောက်က ဒဏ်ရာရရှိသွားတယ်လို့ကြားပါတယ်၊ ၁၀ နာရီခွဲမှာ တိုက်ပွဲဖြစ်ပွား ပြီးနောက်ပိုင်း ဝမ်လောင်းကျေးရွာအုပ်စု ဥက္ကဌနဲ့ ရွာသား ၇ ဦးကို ဖမ်းဆီးသွားတယ်၊ တပ်ရင်း ၂၄၆ ကွမ်ဟိန်း စစ်ဗျူဟာအခြေစိုက်တပ်ဖြစ်ပါတယ်"
အခုလို ရွာသားတွေဖမ်းဆီးသွားတာနဲ့ပတ်သက်ပြီး ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ဆက်သွယ်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
ဗိုလ်မှူးကြီးစိုင်းလကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။