တပ်ဖွဲ့ဝင်သေဆုံးမှု ကျေးရွာဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို SSPP ခေါ်ယူစစ်ဆေး
2019.02.06

ရှမ်းပြည်နယ် သီပေါမြို့နယ် ဖက်နမ်ကျေးရွာမှာ ဖေဖော်ဝါရီလ သုံးရက်နေ့ နေ့လယ်ပိုင်းက သေနတ်ပစ်ခတ် မှုဖြစ်ခဲ့ရာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့တာနဲ့ ပတ်သက်လို့ အဲဒီကျေးရွာ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို SSPP ကခေါ်ယူ စစ်ဆေးနေတယ်လ့ို ရွာသားတွေက ပြောပါတယ်။
ဖက်နမ်ရွာအတွင်း ပစ်ခတ်မှုဖြစ်ခဲ့ပြီး ညနေပိုင်းမှာ အသက် ၅၀ အရွယ် ကျေးရွာဥက္ကဋ္ဌ ဦးမုလိန်နဲ့ အတွင်းရေးမှူး ဦးကောစီတကို SSPP အဖွဲ့ကခေါ်ဆောင်သွားတယ်လို့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
ဖက်နမ်ရွာသားတွေက SSPP တပ်ဖွဲ့တွေ ကျေးရွာအတွင်းမှာ ကင်းလှည့်နေစဉ် အချင်းချင်း မှားယွင်းပစ်ခတ်ကြ တာလို့ ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရွာသားတွေက SSPP တပ်မှူးကို သွားရောက်တွေ့ဆုံပြီး ရှင်းလင်းပြောဆိုပေမယ့် အဲဒီအချိန် တခြားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့ဝင်တွေ ကျေးရွာမှာရှိတာကို အကြောင်းမကြားတဲ့ ရွာသူကြီးမှာ တာဝန်ရှိတယ်ဆိုပြီး ခေါ်ယူစစ်ဆေးနေတာလို့ သိရပါတယ်။
SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းသန်းအောင်ကတော့ သီပေါမြို့နယ် ဖက်နမ်ကျေးရွာ တစ်ဝိုက်မှာ SSPP နဲ့RCSS တပ်တွေ နီးနီးကပ်ကပ် လှုပ်ရှားနေတာဖြစ်ပြီး RCSS တပ်ဖွဲ့တွေဟာ ရွာသားအသွင်ယူပြီး မိုင်းထောင်တာ၊ သေနတ်နဲ့ ပစ်ခတ်တာတွေရှိတဲ့အတွက် ကျေးရွာတာဝန်ရှိသူတွေကို မေးမြန်းတာဖြစ်ကြောင်းနဲ့ မကြာခင် လွှတ်ပေးမှာဖြစ်ကြောင်း RFA ကို ပြောပါတယ်။
ရှမ်းပြည်နယ် သီပေါမြို့ပေါ်က ဘုန်တော်ကြီးကျောင်းမှာ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေရဆဲဖြစ်သလို လက်ရှိ သီပေါမြို့နယ်အတွင်း SSPPနဲ့RCSS တို့ တိုက်ပွဲကြောင့် စုစုပေါင်း စစ်ဘေးဒုက္ခသည် တစ်ထောင်ဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့လိုက်တာပါ။