တောင်ဒဂုံမှာ စစ်ကောင်စီသတင်းပေး ဆိုသူတစ်ဦး အပစ်ခံရ

2021.11.07
တောင်ဒဂုံမှာ စစ်ကောင်စီသတင်းပေး ဆိုသူတစ်ဦး အပစ်ခံရ တောင်ဒဂုံမြို့နယ်၂၀ ရပ်ကွက်ကို ၂၀၂၁ နိုဝင်ဘာ ၇ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ရန်ကုန် တောင်ဒဂုံမြို့နယ်ထဲက ရပ်ကွက် သုံးခုမှာ ဒီနေ့ နိုဝင်ဘာ ၇ ရက်နေ့ နေ့လည်ပိုင်းက ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

တောင်ဒဂုံမြို့နယ်ထဲက အမှတ် ၁၉၊ ၂၀ နဲ့ ၂၅ ရပ်ကွက်တွေမှာ နေ့လည် ၁၁ နာရီ ကျော်ကစလို့ ပစ်ခတ်မှုတွေ စတင်ကြားခဲ့ရတာလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

"သုံးနေရာမှာ ဖြစ်တာ။ ဒလန်ဆိုပြီး လာသတ်တာ စစ်တပ်နဲ့ တိုးသွားလို့ အဲဒီ အဖွဲ့နဲ့အပြန်အလှန် ပစ်ခတ်မှု ဖြစ်တာ"

တောင်ဒဂုံမြို့နယ်ထဲက ကိုနဂါးလေး (ခ) အောင်နိုင်မြင့် ဆိုတဲ့ စစ်ကောင်စီကို သတင်းပေး ဒလန်ဆိုသူ ကို အမည်မသိအဖွဲ့က လာရောက်ပစ်ခတ်ရာကနေ ၂၀ ရပ်ကွက် အောင်ဘောဓိစေတီအနီးမှာ ပစ်ခတ်ခံရရင်း ဝမ်းဗိုက်ကို ထိမှန်ခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။ အဲဒီနဂါးလေးဟာ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းတုန်းက လွတ်ငြိမ်းခွင့်နဲ့ ထောင်ကနေ ပြန်လွတ်လာသူ တစ်ဦးလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး နောက်မှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အဲဒီ ရပ်ကွက်တွေထဲကို စစ်ဆေးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။

RFA အနေနဲ့တော့ ဒီပစ်ခတ်မှုဖြစ်စဉ်နဲ့ ထိခိုက်၊ သေဆုံးသူ ရှိ၊ မရှိကိုတော့ သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း ဒါနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မတွေ့ ရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။