ထိုင်းနိုင်ငံ ဖူးခက်မြို့မှာ သေနတ်နဲ့ပစ်လို့ မြန်မာမိန်းကလေး တစ်ဦး သေဆုံး
2024.08.20

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှာ Toyota ပစ်ကပ်ထရပ်ကားကို သေနတ်နဲ့ ပတ်ခတ်တဲ့အတွက် ကားပေါ်ပါတဲ့ ၁၅ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ Khaosod သတင်းဌာနက ဩဂုတ်လ ၁၉ ရက်နေ့မှာ ဖော်ပြပါတယ်။
ဖူးခက်အနီး ကတူးမြို့ မီးပွိုင့်တစ်ခုမှာ ဆိုင်ကယ်တစ်စီးက ကားပေါ်ပါလာသူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ယဉ်မောင်းခုံဘေးမှာ လိုက်ပါလာသူ အသက် ၁၅ နှစ်အရွယ် မြန်မာမိန်းကလေး နမ်ဖောင်း ဦးခေါင်းကို ကျည်ထိမှန်ခဲ့တာပါ။
ကူညီကယ်ဆယ်ရေးသမားတွေက နမ်ဖောင်းကို ဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့ လမ်းမှာတင် သေဆုံးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
သြဂုတ်လ ၁၈ ရက် နံနက် ၁ နာရီခွဲမှာ အသက် ၂၇ နှစ်အရွယ် ကစ်တီပေါင် မောင်းနှင်တဲ့ တိုယိုတာပစ်ကပ်ကားရဲ့ ဘေးခုံမှာ အသက် ၂၁ နှစ်အရွယ် နက်တာဝပ် ထိုင်နေပြီး သူ့ရဲ့ပေါင်ပေါ်မှာတော့ နမ်ဖောင်းက ထိုင်နေတာ ဖြစ်ပါတယ်။ ကားနောက်ခန်းမှာတော့ နမ်ဖောင်းရဲ့ချစ်သူက လှဲပြီး လိုက်ပါလာတာပါ။
ပစ်ခတ်မှုရဲ့ သံသယတရားခံအဖြစ် အသက် ၁၉ နှစ်အရွယ် ထိုင်းနိုင်ငံသား ဒါနူဆုန်းကို ရဲတပ်ဖွဲ့က ရှာဖွေ ဖမ်းဆီးခဲ့ပါတယ်။ သူ့ကို စစ်မေးချက်အရ ပစ်ကပ်ကားနဲ့ တိုက်မိမလိုဖြစ်ပြီး ကားမောင်းတဲ့သူနဲ့ အငြင်းပွားခဲ့လို့ ဆိုင်ကယ်နဲ့ လိုက်ရာကနေ ပစ်ခတ်မှုဖြစ်တာလို့ ထွက်ဆိုပါတယ်။ သေနတ်ပစ်ခံရလို့ သေဆုံးခဲ့တဲ့ နမ်ဖောင်းရဲ့ ဖခင်ဟာ ထိုင်းနိုင်ငံသားဖြစ်ပြီး မိခင်ကတော့ မြန်မာနိုင်ငံသားဖြစ်ပါတယ်။