တောင်ဒဂုံမှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး သတ်ဖြတ်ခံရ

RFA Burmese
2024.09.20
တောင်ဒဂုံမှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး သတ်ဖြတ်ခံရ တောင်ဒဂုံမြို့နယ်၂၀ ရပ်ကွက်ကို ၂၀၂၁ နိုဝင်ဘာ ၇ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် အမှတ် (၁၀၇) ရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး တို့နှစ်ဦးဟာ စက်တင်ဘာလ ၂၀ ရက်နေ့ မနက်က အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်တာ ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးကို လူနှစ်ယောက်က ဝင်ပစ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အုပ်ချုပ်ရေးမှူးအပစ်ခံရတယ်၊ သူနဲ့နောက်တစ်ဦး ဆုံးသွားတယ်လို့ ကြားရတယ်၊ နှစ်ယောက်လုံး ဆုံးသွားတယ်ကြားတယ်ဗျ၊ ကျွန်တော်လည်း အပြင်ရောက်နေတာ အိမ်ရောက်တော့ အုပ်ချုပ်ရေးမှူး အပစ်ခံရတယ်ကြားလို့ လမ်းထိပ်ထွက်ကြည့်တာ၊ ဟိုရောက်တော့ ဟုတ်တယ်တဲ့၊ ဆုံးသွားတယ်၊ ခေါင်းတစ်ချက်ထိသွားတယ်၊ ကိုယ်တွေမှာ သုံးချက်လောက် ထိသွားတယ်၊ လူနှစ်ယောက်ဝင်ပစ်သွားတယ်လို့ ပြောတယ်"

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း စက်တင်ဘာလ ၂၀ ရက်နေ့ မနက် ၉ နာရီကျော်က တောင်ဒဂုံမြို့နယ် (၁၀၇) ရပ်ကွက်၊ ငုဝါမြိုင်လမ်းမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းနဲ့ ရာအိမ်မှူး ဦးဆွေမြင့်အောင်တို့ ပစ်သတ်ခံခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒီအုပ်ချုပ်ရေးမှူးသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။ ဒီသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ကမှလည်း ဝန်ခံတာ မရှိသေးပါဘူး။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကနေ စက်တင်ဘာလအထိ ခုနစ်လကျော်အတွင်း စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပြီး စစ်ကောင်စီအတွက် တပ်သားစုဆောင်းပေးနေတဲ့ နိုင်ငံတစ်ဝန်းက အုပ်ချုပ်ရေး အဖွဲ့ဝင် ၁၀၂ ဦးအထိ သတ်ဖြတ်ခံရပါတယ်။

စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ခုနစ်လနီးပါးအတွင်း စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ရုံးစာရေးတွေ သတ်ဖြတ်ခံရတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။