သာပေါင်းမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ထွက်စာတင်ထားပေမဲ့ စစ်ကောင်စီ လက်မခံ

RFA Burmese
2024.06.02
သာပေါင်းမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ထွက်စာတင်ထားပေမဲ့ စစ်ကောင်စီ လက်မခံ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ လကုန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ကျင်းပစဉ်။
MOI

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာရှိတဲ့ ကျေးရွာ ၁၆ ရွာက ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၆ ဦးဟာ ပြီးခဲ့တဲ့ ဧပြီလကတည်းက နုတ်ထွက်စာတင်ထားပေမဲ့ ဒီနေ့အထိ စစ်ကောင်စီဘက်က ခွင့်မပြုဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်သားစုဆောင်းရေးအတွက် ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေကို စစ်ကောင်စီဘက်က အပြင်းအထန် ဖိအားပေးခဲ့တာကြောင့် နုတ်ထွက်စာတင်ခဲ့ကြတာလို့ အမည်မဖော်လိုတဲ့ သာပေါင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"နုတ်ထွက်တဲ့ ၁၆ ရွာထဲမှာ လှေကြီးတက်၊ ကြက်သွန်ကွင်း၊ ငဝန်ကြိုရွာတွေပါတယ်လို့ ကြားတယ်။ ကျန်တဲ့ ရွာတွေကတော့ စုံစမ်းနေဆဲပဲ။ သူတို့က ဧပြီလထဲမှာ နုတ်ထွက်စာ တင်ထားပေမဲ့ သတင်းကတော့ မနေ့ကမှ ပေါက်ကြားလာတာပါ"

ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ နုတ်ထွက်စာကို သာပေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံ ပို့ထားပေမဲ့ စစ်ကောင်စီဘက်က ဒီနေ့အထိ လက်မခံဘူးလို့ ဆိုပါတယ်။

ဒီအပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို နုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ အဆက်အသွယ်ရဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

သာပေါင်းမြို့နယ်ထဲက ရွာတွေမှာတော့ မေလ ၃၀ ရက်နေ့ကစပြီး စစ်သင်တန်း အပတ်စဉ် (၃) အတွက် အုပ်ချုပ်ရေးမှူးတွေက လူဦးရေစာရင်း စကောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။