စစ်မှုထမ်းဥပဒေထုတ်ပြီး ခုနစ်လအတွင်း အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုးဆယ်ကျော် သတ်ဖြတ်ခံရ
2024.08.13

RFA ကရရှိထားတဲ့ အချက်အလက်တွေအရ ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီး ခုနစ်လအတွင်း နိုင်ငံတစ်ဝန်းက အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင် ၉၃ ဦးထိ သတ်ဖြတ်ခံရပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ ရုံးစာရေးတွေ ပါဝင်ပါတယ်။
ဩဂုတ်လ ၁၂ ရက်နေ့ကလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး ဦးသန်းမြင့် သတ်ဖြတ်ခံလိုက်ရပါတယ်။
အုပ်ချုပ်ရေးမှူး ဦးသန်းမြင့်ဟာ ကျေးရွာအတွင်းက လူငယ်တွေကို စစ်မှုထမ်းဖို့ ဖိအားပေးခြိမ်းခြောက်နေသူဖြစ်တယ်လို့ မင်းလှမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"သူကတော့ အကုန်လုံးက ကြောက်ရတဲ့သူပေါ့။ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ သူဆိုတော့ မျက်လုံးချင်း မဆုံနိုင်အောင်ကို ကြောက်ရတယ်။ မဟုတ်ရင် စစ်ကောင်စီကို သူက သတင်းပေးနေတော့လေ"
ဦးသန်းမြင့်ဟာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ ဒေါက်တိုင်ဖြစ်တာကြောင့် သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ-၂ အပြင် ပူးပေါင်းတပ်တွေက ပစ်ခတ်ခဲ့တာလို့ ဩဂုတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
စစ်မှုထမ်းဥပဒေကြောင့် အဓမ္မ စစ်သားစုဆောင်းခံရမှုတွေလည်း ရှိနေပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်ပြတ်နေတာလည်း ကြုံနေရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ စစ်ကောင်စီက စစ်မှုထမ်းသင်တန်း အပတ်စဉ် (၄) ကို ဩဂုတ်လ အစောပိုင်းမှာ ခေါ်ယူခဲ့ပါတယ်။
ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (BACS) ရဲ့ အစီရင်ခံစာမှာတော့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် စစ်မှုထမ်းသင်တန်းမှာ နိုင်ငံတစ်ဝန်းက လူငယ် ကိုးထောင်နီးပါး စုဆောင်းခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။