ကျိုက်မရောမြို့နယ်မှာ ဆရာတော်တစ်ပါး သေနတ်နဲ့ ပစ်သတ်ခံရ

RFA Burmese
2024.04.16
ကျိုက်မရောမြို့နယ်မှာ ဆရာတော်တစ်ပါး သေနတ်နဲ့ ပစ်သတ်ခံရ သေနတ်နှင့် ပစ်ခတ်ခံရသဖြင့် ပျံလွန်တော်မူသွားသည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် သံကလောင်ရွာမှ ဆရာတော် ဦးဝါယမအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က တွေ့ရစဥ်။
Facebook/ Ayayarwaddy Record

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ သံကလောင်ကျေးရွာက သက်တော် ၆၀ အရွယ် ကျောင်းထိုင်ဆရာတော် ဦးဝါယမဟာ စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာဝယ်ဖို့ မော်လမြိုင်မြို့ကို ဧပြီလ ၁၄ ရက်နေ့က သွားရောက်ချိန် စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

ဓမ္မသရွာနဲ့ ကော့ဘိန်းကျေးရွာက ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် သံကလောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ လာရောက်ခိုလှုံနေကြတာပါ။

ဆရာတော် ဦးဝါယမဟာ ကပ္ပိယတစ်ဦးနဲ့အတူ စစ်ဘေးဒုက္ခသည်တွေအတွက် ရိက္ခာဝယ်ယူဖို့ မော်လမြိုင်မြို့ကို ကားနဲ့ သွားရောက်ချိန် ကျွန်းကုန်းရွာနားမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"တရနာရွာအလွန် ကျွန်းကုန်းရွာဆိုတာ ရှိတယ်။ အဲဒီကျွန်းကုန်းရွာအရောက်မှာ သေနတ်နဲ့ ပစ်ခံထိသွားတာပေါ့နော်။ သေနတ်နဲ့ပစ်ခံထိတဲ့အတွက် ဆရာတော်ကို တည့်တည့်ထိသွားတယ်ပေါ့လေ။ သူတို့ပစ်တာတော့ သုံးလေးချက်လောက်ပစ်တာ။ ပစ်တော့ နောက်ကပ္ပိယတစ်ယောက်ကတော့ ဘေးကိုရှပ်ပြီးတော့ ထိတယ်။ ဆရာတော်ကတော့ အဲဒီနေရာမှာ ပွဲချင်းပြီး ပျံလွန်တော်မူသွားတာ"

တရနာရွာနားမှာ စစ်ကောင်စီတပ်သားတွေ စခန်းချနေပြီး ကုန်းလမ်း၊ ရေလမ်းတွေအားလုံးကို ဘယ်သူ့ကိုမှ ဖြတ်သန်းသွားလာခွင့်မပေးဘဲ ပိတ်ပင်ထားရာကနေ ဆရာတော်ရဲ့ ကား ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

ဆရာတော် ပစ်ခတ်ခံရလို့ ပျံလွန်တော်မူသွားတဲ့အကြောင်းကို ကျိုက်မရောမြို့က လူမှုရေးအသင်းအဖွဲ့ဝင်နှစ်ဦးကလည်း အတည်ပြုပါတယ်။ ဒါပေမဲ့ ဘယ်လိုဘယ်ပုံ ပစ်ခတ်ခံရတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဆရာတော်ရဲ့ ကားကို စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ အသေးစိတ် မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရ သယံဇာတဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ပျံလွန်တော်မူသွားတဲ့ ဆရာတော်ရဲ့ ရုပ်အလောင်းကိုတော့ ဧပြီလ ၁၄ ရက်နေ့ ညနေပိုင်းမှာပဲ သံကလောင်ကျေးရွာကို ပင့်ဆောင်ပြီး သင်္ဂြိုဟ်လိုက်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံကလောင်ကျေးရွာအနီးက ဓမ္မသကျေးရွာကို ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့တာကြောင့် ရွာထဲက နေအိမ်နဲ့ အဆောက်အအုံ သုံးရာနီးပါး မီးလောင်ပျက်စီးခဲ့ရပြီးနောက် ကျေးရွာသားအချို့ဟာ သံကလောင်ကျေးရွာက ဘုန်းကြီးကျောင်းကို လာရောက် ခိုလှုံနေကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။