ချောင်းဦးမှာ CDM ဆရာမတစ်ဦး အပါအဝင် နှစ်ဦး သတ်ဖြတ်ခံရ
2024.08.24
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်တဲ့ ဆရာမတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ကို ဩဂုတ်လ ၂၂ ရက်နေ့မှာ စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နွယ်ခွေရွာကနေ ချောင်းဦးမြို့မဈေးကို ဈေးဝယ်လာတဲ့ အသက် ၂၄ နှစ်အရွယ် CDM ဆရာမ ကိုယ်ဝန်ဆောင် မဇာခြည်ဦးကို စစ်ကောင်စီတပ်က ညှဉ်းပန်းနှိပ်စက်ပြီးမှ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သူက CDM ဆရာမ စျေးလာ၀ယ်တာ။ အဲဒီမှာ ချောင်းဦးမြို့နယ် ရဲစခန်းထဲက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေက စျေးဘက်မှာ သေနတ်နဲ့ လာပစ်သတ်သွားတာ။ ပထမ ဒူးထောက်ခိုင်းတယ် ပြောတယ်။ နောက်ကနေ တေ့ပစ်လိုက်တာဆိုတော့ မျက်လုံးတစ်ဖက်နဲ့ နားရွက်တစ်ဖက်လည်း မပါတော့ဘူး။ ချောင်းဦးဆေးရုံရောက်ပြီး ဆုံးသွားတယ်။ လက်တွေကိုလည်း ဓားတွေနဲ့ မွှန်းထားတယ်။ ကိုယ်၀န် လေးလရှိပြီ။ သူ့အမျိုးသားက တော်လှန်ရေးတပ်ဖွဲ့ထဲပါနေလို့ အငြိုးနဲ့ သတ်လိုက်တာ ဖြစ်မယ်"
မဇာခြည်ဦးဟာ ချောင်းဦးမြို့မ ရဲစခန်းနဲ့ မီတာတစ်ရာခန့်အကွာမှာရှိတဲ့ ချောင်းဦးမြို့မဈေးရဲ့ တောင်ဘက်မှာ နေလယ်ခင်း လူရှင်းချိန် ပစ်သတ်ခံလိုက်ရတာလို့ သူက ပြောပါတယ်။
အဲဒီနေ့တစ်ရက်တည်းမှာပဲ အသက် ၂၅ နှစ်ဝန်းကျင်အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးကို လက်ပြန်ကြိုးတုပ်အနေအထားနဲ့ စစ်ကောင်စီတပ်သားတွေက ပစ်သတ်ပြီး ချောင်းဦး-ပခုက္ကူလမ်းဆုံ ကားလမ်းဘေးမှာ စွန့်ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေး၀န်ကြီး ဦးညွန့်၀င်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာတော့ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူနှစ်ဦးကို သတ်ဖြတ်တယ်ဆိုတာ သတင်းမှားသာဖြစ်တယ်လို့ ဩဂုတ်လ ၂၄ ရက်နေ့မှာ ဖော်ပြပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၂၃ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၅၅၄၃ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။