ဘီလျံနာ သူဌေးကြီး George Soros နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဆွေးနွေးမည်

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းဝင် အမေရိကန်ဘီလျံနာ George Soros ဂျော့ဆိုးရော့စ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦး က RFA ကို ပြောပါတယ်။

2012.12.30
shan_assembly305 နိုဝင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာ ညီလာခံမှာ SNLD ပါတီဥက္ကဌ ဦးခွန်ထွန်းဦး မိန့်ခွန်းပြောကြားနေစဉ်။
Photo:RFA/Sai Htun Aung Lwin

သူဌေးကြီး ဂျော့ဆိုးရော့စ်ဟာ မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားနေကြောင်းနဲ့ သူတည်ထောင်တဲ့ Open Society Foundation အနေနဲ့လည်း တိုင်းရင်းသားဒေသတွေကို ကူညီနိုင်ဖို့ အခုလိုတွေ့ဆုံဖို့ ကမ်းလှမ်းလာတာဖြစ်ကြောင်း ဦးခွန်ထွန်းဦး က ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ RFA ကို အတည်ပြုပြောပါတယ်။

SNLD ပါတီဘက်ကလည်း တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်အခက်ခဲတွေကို တင်ပြသွားမှာဖြစ်ပြီး မူဘောင်ဝင်တဲ့ အကူအညီတွေဆိုရင် မိမိတို့အနေနဲ့ တိုင်းရင်းသားဒေသတွေအတွက်ရရှိဖို့ တင်ပြသွားမယ်လို့ဆိုပါတယ်။

သူဌေးကြီး ဂျော့ဆိုးရော့စ်ဟာ Open Society Foundation  ကို ၁၉၇၉ ခုနစ်မှာ စတင်တည်ထောင်ခဲ့ပြီး နိုင်ငံပေါင်း ၇၀ ကျော်မှာ လူ့အခွင့်ရေး၊ ပညာရေး ၊ တရားဥပဒေစိုးမိုးရေးစတဲ့ ခေါင်းစဉ်တွေနဲ့ လူ့အဖွဲ့အစည်းတွေ ပွင့်လင်းလာအောင် အကူအညီပေးနေသူ အမေရိကန်နိုင်ငံသား ကမ္ဘာကျော်သူဌေးကြီး ဖြစ်ပါတယ်။ သူ့ရဲ့လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်ကို လှူဒါန်းခဲ့တယ်လို့ သိရှိရပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေး၊ လူငယ်တွေနိုင်ငံခြားမှာ ဆက်လက်ပညာသင်ကြားနိုင်ရေးအတွက်လည်း ၁၉၉၄ ခုနစ်မှ စတင်ပြီး ထောက်ပံ့ကူညီနေတာဖြစ်ပါတယ်။

အမေရိကန်ဘီလျံနာ ဂျော့ဆိုးရောစ့်ရဲ့ အခု မြန်မာနိုင်ငံခရီးစဉ်ဟာ ဒုတိယမြောက်ခရီးစဉ်ဖြစ်ပြီး ပထမအကြိမ် လာရောက်စဉ်က သမ္မတ ဦးသိန်းစိန်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့အပါဝင် အရပ်ဖက်လူမှုရေးအဖွဲ့စည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။