ဒီးမော့ဆိုမှာ စစ်ဘေးရှောင်တွေကို စစ်ကောင်စီက သေနတ်နဲ့ပစ်လို့ သုံးဦးသေဆုံး
2021.05.26
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းမှာ မေလ ၂၆ ရက် ဒီနေ့မနက်ပိုင်းက စစ်ဘေးရှောင်ဖို့အတွက် ထွက်လာတဲ့ဒေသခံတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စနိုက်ပါတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ သုံးဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒီးမော့ဆို ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လမ်းမပေါ်ထွက်လာသူမှန်သမျှကို သေနတ်နဲ့ပစ်နေတာလို့ ပြောပါတယ်။
“အဲဒီဆည်မြောင်းကနေ ငွေတောင်ကန်ဘောင်တစ်လျှောက်နဲ့ ဒီးမော့ဆို လမ်းခွအထိ သူတို့တွေ့တဲ့ လူတိုင်းကို ပစ်နေတယ်။ ဒီမနက် ပစ်ခံရတဲ့သူ ၄ ယောက်က အနောက်ဘက်ခြမ်းကို စစ်ရှောင်ဖို့ ဆိုင် ကယ်နဲ့ထွက်လာတယ်။ အဲဒါကို သူတို့ စနှိုက်ပါနဲ့ချောင်းပြီးတော့ ပစ်တယ်။ သုံးယောက်ကျတယ်။ တစ်ယောက် ဒဏ်ရာရတယ်။"
ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေးနဲ့ အချို့နေရာတွေမှာ ဖုန်းလိုင်းတွေကိုပါ ဖြတ်တောက်ထားတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
မေလ ၂၂ ရက်နေ့ကစပြီး ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါ့ငံခါးကျေးရွာကနေစတင်ပြီး စစ်ကောင်စီနဲ့ KPDF တပ်တွေ တိုက်ပွဲစတင်ဖြစ်ခဲ့တာပါ။
မေလ ၂၆ ရက် ဒီနေ့မနက် ၄ နာရီကျော်က ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်နယ်စပ် လွိုင်လင်မြို့နယ် တဘက်ချောင်းအနီးမှာရှိတဲ့ ထီးစဲခါးရဲစခန်းကို ကရင်နီပြည်သူ့ကာကွယ်ရေးတပ် KPDF တပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ့် စခန်းကိုသိမ်းပိုက်နိုင်တာတော့ မရှိခဲ့ဘူးလို့ KPDF တပ်ဖွဲ့ဝင်တစ်ဦး က RFA ကို ပြောပါတယ်။
“မနက်ခင်း ၄ နာရီဝန်းကျင်လောက်မှာ စတိုက်တယ်။ ၅ နာရီဝန်းကျင်လောက်မှာ အဆုံးသတ်ထားတယ်။ အကျအဆုံးတော့မရှိကြပါဘူး။ ဘာမှလည်း သိမ်းယူနိုင်စွမ်းမရှိပါဘူး။ အခုထိတော့ ငြိမ်နေတုန်းပဲ။ ထပ်ပြီးပစ်ခတ်မှုတော့ မရှိသေးပါဘူး။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ပစ်တော့ အင်အားမမျှလို့ ခဏဆုတ်ထားတယ်။"
ရှမ်း-ကယားနယ်စပ်စခန်းဖြစ်တဲ့ ထီးစဲခါးစခန်းဟာ ရှမ်းပြည်နယ်ကနေ ကယားပြည်နယ်ထဲကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို စစ်ကူပေးနေတဲ့ အဓိကလမ်းကြောင်းဖြစ်တာကြောင့် ဝင်တိုက်တာဖြစ်တယ်လို့ KPDF တပ်ဖွဲ့ဝင်က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက လွိုင်ကော်မြို့အနီးရှိ ဒီးမော့ဆိုရဲစခန်း၊ မိုးဗြဲရှိ မြို့မရဲစခန်းတွေကို KPDF တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မိုးဗြဲရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဒီးမော့ဆိုစခန်းကိုတော့ စစ်ကောင်စီဘက်က လက်နက်အင်အား လူအင်အား အလုံးအရင်းနဲ့ စစ်ကူလာတဲ့အတွက် မသိမ်းနိုင်ခဲ့ပါဘူး။
"သူတို့ဘက်က လက်နက်ကြီးတွေနဲ့ပစ်တော့ အင်အားမမျှလို့ ခဏဆုတ်ထားတယ်။"
မေလ ၂၅ ရက် မနေ့က ဒီးမော့ဆိုစခန်းကို KPDF အဖွဲ့ဝင်တွေက ဝင်တိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်ဘက်က ငါးဦး၊ KPDF တပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ပြီး သုံးဦး ပျောက်ဆုံးခဲ့ပါတယ်။ အဲဒီပျောက်ဆုံးသွားခဲ့တဲ့ တပ်ဖွဲ့ဝင် သုံးဦးလုံးဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံရတာမဟုတ်ဘဲ လမ်းပျောက်နေတာဖြစ်ပြီး ဒီနေ့ မေလ ၂၆ ရက်မှာတော့ ပြန်ရောက်လာပြီလို့ KPDF တပ်ဖွဲ့ဝင်တစ်ဦး က RFA ကို ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားဖြစ်တဲ့ ရဲစခန်းတွေဟာ KPDF အဖွဲ့တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာကြောင့် မေလ ၂၅ ရက် မနေ့က မနက်ပိုင်းမှာ စစ်ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ ကယားပြည်နယ် လွိုင်ကော်မြို့သို့ ရောက်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
KPDF အဖွဲ့တွေက ရဲစခန်းတွေကို အဓိကထားတိုက်ခိုက်နေပြီး သူတို့ဘက်က အကျအဆုံးတွေရှိနေလို့ အခြေအနေတွေကို ကိုယ်တိုင်လာကြည့်တာဖြစ်နိုင်တယ်လို့ KPDF အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
“မိုးဗြဲနဲ့ ဒီးမော့ဆိုမှာ ပြီးတော့ လွိုင်ကော်မှာလည်း စခန်းတွေကို ဝင်တိုက်ခံရတာဆိုတော့ ဒါတွေကို ကိုယ်တိုင်ဦးစီးဖို့ ရောက်လာတယ်လို့ ကြားတယ်။ မိုးဗြဲမှာလည်း ကျတယ်။ ဒီးမော့ဆိုမှာလည်း ကျထား တယ်ဆိုတော့ အဲဒီအခြေအနေကို သူလာကြည့်တာလို့ ပြောတယ်။ ကျွန်တော်တို့ကတော့ စစ်သဘောအရ နိုင်တဲ့နေရာကို အဓိကထားတိုက်တာပေ့ါ။ ရဲစခန်းမှာလည်း ရဲတွေပဲ ရှိတာမဟုတ်ဘူး။ စစ်သားတွေလည်း ရှိတယ်ဆိုတော့ နိုင်တဲ့နေရာ အင်အားနည်းတဲ့နေရာတွေကို အဓိကထားတိုက်တာ။ ဘာလို့ဆို ကိုယ့်လူတွေ ကလည်း အတွေ့အကြုံက အသစ်တွေဆိုတော့လေ။"
ပြည်ထဲရေးဝန်ကြီးဟာ မနေ့က မိုးဗြဲရဲကင်းစခန်းမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေခံတပ်ရင်းဌာနတို့က တပ်မတော်သား မိသားစုဝင်တွေကို စစ်ကောင်စီဥက္ကဋ္ဌချီးမြှင့်ငွေတွေကို တစ်ဦးချင်းစီထောက်ပံ့ခဲ့တာ၊ ဖယ်ခံတပ်နယ်နဲ့ ဖယ်ခုံမြို့မရုဲစခန်းတို့မှာလည်း တစ်ဦးချင်းစီအလိုက် ချီးမြှင့်ငွေတွေကို ပေးအပ်ခဲ့ကာ မိသားစုဝင်တွေကို အားပေးနှစ်သိမ့်ခဲ့တယ်လို့ စစ်ကောင်စီသတင်းစာက ဖော်ပြထားပါတယ်။
အဲဒီဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် KPDF တို့ တိုက်ပွဲဖြစ်ပွားနေတယ် ဆိုတာတွေ၊ ထိခိုက်ကျဆုံးခဲ့တယ်ဆိုတာတွေကိုတော့ ထည့်သွင်းဖော်ပြထားတာမရှိဘဲ သတင်းထိန်ချန် ထားပါတယ်။
ကယားပြည်နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် လက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည် လေးသောင်းနီးပါးရှိနေဖြစ်ပြီး တဖြည်းဖြည်းနဲ့ ဒုက္ခသည်အရေအတွက် တိုးလာနိုင်တယ်လို့ ကူညီပေးနေ သူတွေက ပြောပါတယ်။

ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့အနောက်ဘက်ခြမ်းမှာ တိုက်ပွဲတွေက ပြင်းထန်နေပြီး ဒေသခံပြည်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ စစ်ဘေးရှောင်နေပါတယ်။
လောလောဆယ်တော့ စုဆောင်းထားတာတွေနဲ့ ကျွေးမွေးစောင့်ရှောက်ထားတယ်လို့ ဒီးမော့ဆို စစ်ဘေးရှောင် တွေကို အကူအညီပေးနေသူတစ်ဦးက ဆိုပါတယ်။
“ဒီးမော့ဆိုမြို့နယ် အနောက်လွိုင်ကော်မြို့နယ် ၈၀ ရာခိုင်နှုန်းလောက် အခုစစ်ဘေးရှောင်နေရပြီ။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းက ကိုယ့်ရပ် ကိုယ့်ရွာစောင့်နေတဲ့ ယောကျ်ားသားတွေပဲ ကျန်တော့တယ်။ အခု လောလော ဆယ်တော့ ကျွန်တော်တို့ စုဆောင်းထားတာတွေရှိသေးတယ်။ အဲဒါတွေနဲ့ ကျွေးမွေးစောင့်ရှောက်နေ တယ်။ အခုလောလောဆယ် အရေးတကြီးလိုအပ်နေတာက ဆေးဝါး၊ ခြင်ထောင်၊ မိုးကာတို့ လိုအပ် နေသေးတယ်။ မလုံလောက်သေးဘူး။"
လက်ရှိစစ်ဘေးရှောင်ပြည်သူတွေကို ကယား-ရှမ်းနယ်စပ်အနီးမှာရှိတဲ့ စာသင်ကျောင်း၊ ဓမ္မာရုံတွေမှာ နေရာ ချထားပေးထားပြီး ရေရှည်စစ်ဘေးရှောင်ရရင် ရှိတဲ့ရိက္ခာတွေ တပတ်အတွင်း ပြတ်လပ်သွားနိုင်တယ်လို့ ကူညီပေးနေသူတွေက ဆိုပါတယ်။
ကယားပြည်နယ်ထဲက မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးတာတွေလည်း ရှိနေပါတယ်။
ကယားပြည်နယ်ထဲက တိုက်ပွဲအခြေအနေတွေကို ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။ လတ်တလောအခြေအနေအရ ဒီးမော့ဆိုမြို့ ကနေ ၁၀ မိုင်ကျော်လောက်ဝေးတဲ့ ပီကင်းကော်ခူကျေးရွာမှာ မေလ ၂၄ ရက်ကစပြီး ဒုက္ခသည်စခန်းတစ်ခု ဖွင့်လှစ်ထားရာ မေလ ၂၅ ရက် တစ်ရက်တည်းမှာတင် လူဦးရေ ရှစ်ရာလောက်ရောက်လာပြီး လက်ရှိမှာ အဲဒီစခန်းတစ်ခုတည်းသာ ရှိနေပါသေးတယ်။