ရွှေဘိုမြို့ ပန်းရံရွာက ဒေသခံတစ်ဦး အသတ်ခံရ
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ပန်းရံရွာသားတစ်ဦး ပြီးခဲ့တဲ့အပတ်က စစ်ကောင်စီတပ်သားတွေ ရွာထဲ ဝင် ရောက်ပစ်ခတ်ချိန်မှာပဲ ပစ်သတ်ခံခဲ့ရပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှာမှ အလောင်းပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသတ်ခံရသူဟာ စစ်ဘေးရှောင်ဒေသခံတွေကို ထမင်းချက်ကျွေးနေတဲ့ အသက် ၃၇ နှစ်အရွယ် ကိုဘတ်ချို ဖြစ်ပြီး အလောင်းကို ပန်းရံရွာနဲ့ နှစ်မိုင်ခန့်ဝေးတဲ့ လိပ်ချင်းရွာ အရှေ့ဘက် တံတားအနားမှာ ပြန်တွေ့ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ရွာသားတွေ တိမ်းရှောင်နေတုန်းက သူက ဒိုင်ခံထမင်းချက်ကျွေးတဲ့သူ၊ သူ့ကို ရက်ရက်စက်စက် အသတ်ခံ ထားရတာ” လို့ ဒေသခံက ဆိုပါတယ်။
ကိုဘတ်ချိုရဲ့ အလောင်းကို စစ်ကောင်စီလက်အောက်ခံ ရဲတွေ လာရောက်သယ်ဆောင်သွားပြီး နောက် တစ်ရက် စက်တင်ဘာ ၂၇ နေ့ မနေ့မှာမှ မိသားစုက သင်္ဂြိုဟ်ခွင့်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ရွာထဲဝင်ရောက်ချိန်မှာ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို တယ်လီဖုန်းနဲ့ ခေါ်ဆိုခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရပါဘူး။
ရွှေဘိုမြို့နယ်ထဲမှာ ပန်းရံရွာအပါအဝင် အနီးတစ်ဝိုက်က ရွာတစ်ချို့ကို ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လ ကတည်းက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာနဲ့ နေအိမ်တွေကို ဖျက်ဆီးတာတွေ လုပ်နေတာကြောင့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ရှာဖွေဖမ်းဆီးချိန် ဇူလိုင်လထဲမှာပဲ ဂုန်တန်ရွာက အသက် ၄၀ အရွယ် ကိုနန်နဲ့ ကွန်ဆိပ်ရွာက အသက် ၅၀ အရွယ် ဦးသိန်းတင်တို့ သေနတ်ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။
ရွှေဘိုမြို့နယ်ထဲမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်သားတွေ မကြာခဏ တိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။