ချောင်းဦးမြို့နယ်မှာ နေအိမ်လေးလုံးကို စစ်တပ် မီးရှို့
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ပခုက္ကူ - ချောင်းဦးကားလမ်းမကြီးပေါ်မှာရှိတဲ့ မန်ကျည်းဘုတ်ရွာက နေအိမ် နှစ်လုံးနဲ့ မန်ကျည်းခွရွာက နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်သားတွေက စက်တင်ဘာလ ၂၈ ရက် မနေ့ နေ့လယ် ၂ နာရီ ဝန်းကျင်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အကြောင်းမဲ့ လာရှို့သွားတာ၊ အရှို့ခံရတဲ့အိမ်တွေတော့ စုထားတာလေးတွေ ကုန်သွားကြပြီ၊ မိုးတွင်းဘက်ဆိုတော့ နေစရာရော စားစရာရော မရှိကြတော့ဘူး၊ ဒုက္ခရောက်ကုန်ကြတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ညနေ ၄ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီတပ်သားတွေ ကားတွေနဲ့ထပ်ရောက်လာပြီး မန်ကျည်းဘုတ်ရွာနဲ့ မန်ကျည်းခွရွာတွေအနားက တောတောင်တွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေလုပ်ခဲ့တာကြောင့် ကြောက်လန့်နေရကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက မီးရှို့တယ်လို့ ပြောဆိုချက်နဲ့ ပတ်သက်လို့ သီးသန့်အတည်ပြုနိုင်ဖို့ RFA က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့ကလည်း မန်ကျည်းဘုတ်ရွာကို စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူးရုံးက ရဲ ၇၀ နီးပါးလောက် ကား ၁၁ စီးနဲ့ ရောက်လာပြီး ရွာထဲက လူငယ်တွေကို ရှာဖွေစစ်ဆေး မေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒေသခံတွေရဲ့နေအိမ်တွေ အကြောင်းမဲ့ မီးရှို့ခံရတဲ့ကိစ္စအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။