မန္တလေးမှာ ဆေးကုသပေးနေတဲ့ ဆရာဝန် နှစ်ယောက် ဖမ်းဆီးခံရ

2021.07.20
မန္တလေးမှာ ဆေးကုသပေးနေတဲ့ ဆရာဝန် နှစ်ယောက် ဖမ်းဆီးခံရ စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ဒေါက်တာသက်ဌေး (ဝဲ) နှင့် ဒေါက်တာကျော်ကျော်သက် (ယာ)။
Photo CJ
မန္တလေးမြို့မှာ ကိုဗစ်လူနာတွေကို အွန်လိုင်းနဲ့ မြေပြင်မှာပါ ဆေးကုသပေးနေတဲ့ ဆရာဝန် နှစ်ယောက်ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံခဲ့ရတယ်လို့ မန္တလေးမြို့ခံ ဆရာဝန်တစ်ယောက်က RFA ကို ပြောပြပါတယ်။
 
ဖမ်းဆီးခံရသူတွေဟာ အွန်လိုင်းကတဆင့် ကိုဗစ်ရောဂါ ကုသပေးနေသလို မြေပြင်မှာပါ ဆေးကုသပေးနေတဲ့ ဒေါက်တာကျော်ကျော်သက်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ဆေးရုံ၊ ဆေးခန်းတွေမှာ အခမဲ့ကုသပေးနေ တဲ့ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာသက်ဌေးတို့ ဖြစ်ကြပါတယ်။
 
“ဒေါက်တာကျော်ကျော်သက်ရော၊ ဒေါက်တာသက်ဌေးရောက တတိယလှိုင်းဖြစ်ချိန်မှာ ကိုဗစ်ကို ကုသဖို့ အတွက် မျိုးစုံကြိုးစားနေတာပေါ့နော်။ အဲဒီလိုအချိန်မှာ ထဖမ်းတော့ မန္တလေးရဲ့ ကိုဗစ်ကုသရေးလုပ်ငန်း တွေ တော်တော်လေး ကျရှုံးသွားမယ်လို့ ထင်ပါတယ်”
 
အသက် ၃၀ ဝန်းကျင်အရွယ် ဒေါက်တာကျော်ကျော်သက်ဟာ ဇူလိုင်လ ၁၃ ရက်နေ့ ည ၉ နာရီမှာ မန္တလေးက သူ့နေအိမ်မှာ ဝမ်းကွဲအစ်ကိုနဲ့အတူ ရိုက်နှိက်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဝမ်းကွဲအစ်ကိုဖြစ်သူကို စစ်ကောင် စီက ပြန်လွှတ်ပေးခဲ့ပေမယ့် ဒေါက်တာ ကျော်ကျော်သက် ကိုတော့ ဆက်လက်ဖမ်းဆီးထားပါတယ်။
 
ဒေါက်တာကျော်ကျော်သက်ဟာ မန္တလေးဆေးကျောင်းရာဇဝင်မှာ ဘာသာစုံဂုဏ်ထူးထွက်ခဲ့တဲ့ ထူးချွန် ကျောင်းသားဖြစ်ခဲ့သလို အွန်လိုင်းကတဆင့်လည်း ပို့ချချက် (Lectures) တွေကို ပြန်မျှဝေပေးခဲ့သူ ဖြစ်လို့ မန္တလေးမြို့ ကျန်းမာရေးလောကမှာ ထင်ရှားသူတစ်ယောက်ဖြစ်တယ်လို့ မန္တလေးမြို့ခံ ဆရာဝန်တစ်ဦးက ဆိုပါတယ်။
 
ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာသက်ဌေး ကတော့ ဇူလိုင် ၁၆ ရက်နေ့မှာ မန္တလေးမြို့ပေါ်က လူနာတစ်ယောက် ကို သွားကြည့်ပြီးအပြန် နေ့လယ် ၂ နာရီမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံခဲ့ရပါတယ်။
 
သူဟာ မိုးကုတ်မြို့ ကုတင် (၁၀၀) ဆံ့ဆေးရုံမှာ တာဝန်ကျခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။
 
ဒေါက်တာသက်ဌေးဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းကစလို့ ပရဟိတဆေးရုံ၊ ဆေးခန်းတွေမှာ အခမဲ့ ကုသပေးနေသလို သည်းခြေလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကုဘာသာရပ်ကို ဆေးပညာပါရဂူဘွဲ့ရယူဖို့ သင်တန်း တက်ရောက်နေတဲ့ အထူးကုဆရာဝန်တစ်ဦးလည်းဖြစ်ပါတယ်။
 
မန္တလေးမြို့ပေါ်မှာ အဲဒီဆရာဝန် နှစ်ယောက်တို့အပြင် တစ်ပတ်အတွင်းမှာ တခြား CDM ဆရာဝန် လေးယောက်တို့ အဖမ်းခံထားရတာရှိတယ်လို့ မန္တလေးမြို့ခံ ဆရာဝန်က ပြောပါတယ်။ ဒါပေမဲ့လည်း နာမည်၊ ရာထူးကိုတော့ ထုတ်ဖော်ပြောပြလို့ မရဘူးလို့ ဆိုပါတယ်။
 
ဇူလိုင်လ ၁၉ ရက် မနေ့က ရန်ကုန်မြို့မှာလည်း ကိုဗစ်ကုသရေး ပရဟိတဆောင်ရွက်ပေးနေတဲ့ ဆရာဝန် ငါးယောက် ကို စစ်ကောင်စီက လူနာအယောင်ဆောင်ပြီး ထောင်ချောက်ဆင်ဖမ်းဆီးမှုတွေလည်းရှိခဲ့ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။