မန္တလေး ဗကသ အဖွဲ့ဝင်သုံးဦး အကြမ်းဖက်မှုနဲ့ စွဲဆိုခံရ
မန္တလေးတိုင်း အမရပူရမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က အဖွဲ့ဝင်သုံးဦးဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မ- ၅၂ (က)၊ ၅၀ (ည) တို့နဲ့ တရားစွဲဆိုခံထားရတယ်လို့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က မတ်လ ၁၇ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ထောင်ကျနေတဲ့သူတွေကို ထောင်ဝင်စာပေးပို့ကူညီနေတဲ့သူတွေ ဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။
“အမရပူရ ရဲစခန်းမှာ ဖမ်းထားတယ်။ မိသားစုနဲ့တော့ တွေ့ခွင့်ရတယ်။ လာမယ့် ၂၃ ရက်နေ့မှာ ရမန်ယူမယ်။ ဒီရက်ပိုင်း ဗကသ ရဲဘော်တွေရဲ့ အိမ်တွေကို ဝင်ဖမ်းတာတွေ၊ စစ်ဆေးမေးမြန်းတာတွေ မကြာခဏ လုပ်နေတယ်။ PDF တွေကို ထောက်ပံ့နေတယ် ဆိုပြီး စွပ်စွဲတာ”
တရားစွဲဆိုခံရသူတွေဟာ မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂက ကိုအောင်မျိုးကို၊ CDM ကျောင်းဆရာ ကိုကျော်ဇင်လတ်နဲ့ ဗကသများအဖွဲ့ချုပ် ဘဏ္ဍာရေးမှူး မသီရိရတနာတို့ ဖြစ်ပါတယ်။ သူတို့ဟာ မသီရိရတနာရဲ့ နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သူတို့ကို မတ်လ ၂ ရက်နေ့ကတည်းက အမရပူရ ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထား တာလို့လည်း ပြောပါတယ်။
အရင်က ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ နဲ့ အမှုဖွင့်ခံထားရတဲ့ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုး နဲ့ ဆန္ဒပြသပိတ်ဦးဆောင်သူ ကိုညီညီဇင်တို့ကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က) ၊ ၅၀ (ည) နဲ့ အမှုဖွင့်ပြီး ဖမ်းဝရမ်းထုတ်ခံထား ရတယ်လို့ ဆိုပါတယ်။