လက်ပံတန်း ဗကသကိုအောင်ကုဋေစိုး ထောင် ၁၁ နှစ်ကျော် ချမှတ်ခံရ
လက်ပံတန်းကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း၊ ကိုအောင်ကုဋေစိုးဟာ ပဲခူးတိုင်း၊ သာယာဝတီထောင်တွင်းတရားရုံးကနေ ပုဒ်မနှစ်ခုနဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ရာမှာ စုစုပေါင်း ၁၁ နှစ် နဲ့ ၃ လ ချမှတ်ခံလိုက်ရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပြပါတယ်။
ကိုအောင်ကုဋေစိုးကို စစ်ကောင်စီ က ၅၀၅ (က) နဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ထားရာကနေ မတ်လ ၁၁ ရက်နေ့မှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄ နဲ့ နောက်ထပ်ထောင်ဒဏ် ရှစ်နှစ်နဲ့ သုံးလချမှတ်လိုက်တာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
" မတ်လ ၁၁ ရက်နေ့က ငြိမ်းချမ်းဝေရယ်၊ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း အောင်ကုဋေစိုးကို တစ်တွဲတည်း တင်ထားတာလေ။ ပထမက အောင်ကုဋေစိုးကို ၅၀၅ (က) နဲ့ သုံးနှစ်စီ ချပြီးပြီ။ ၁၁ ရက်နေ့က သာယာဝတီထောင်တွင်းတရားရုံးကနေပြီးတော့ ရှစ်နှစ်ချတယ်။ ဒဏ်ငွေတစ်သောင်း ဆောင်ရမယ် ပြောတော့ မဆောင်ဘူးဆိုလို့ သုံးလ ထပ်တိုးတယ် "
ကိုအောင်ကုဋေစိုးကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထောင်သုံးနှစ်ချမှတ်ခဲ့ပြီး ဒီကြားထဲမှာ နောက်ထပ်အမှုတွေနဲ့ ရုံးချိန်းတွေ ဆက်ပြီး ရင်ဆိုင်ခဲ့ရာကနေ မတ်လ ၁၁ ရက်မှာတော့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄ နဲ့ ထောင် ရှစ်နှစ်နဲ့ သုံးလ ထပ်မံအမိန့်ချခံလိုက်ရတာ ဖြစ်ပါတယ်။
ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၂၄ (က) ကို ပြည်ထောင်စု ဒါမှမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်တွေနဲ့ ဥပဒေအရ တည်ထောင်ထားတဲ့ အစိုးရကို မုန်းတီးအောင်၊ မလေးမစားအောင်၊ မေတ္တာပျက်အောင် လှုံ့ဆော် အားထုတ်မှုလုပ်ဆောင်ရင် အရေးယူနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
လက်ပံတန်းမြို့နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ကလည်း ကိုအောင်ကုဋေစိုး အမိန့်ချမှတ်ခံရတာနဲ့ ပတ်သက်လို့ မတရားအမိန့်ချခံရတာလို့ ထုတ်ပြန်ထားပါတယ်။