ဗကသ ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကိုရဲ့ ဖခင် ထောင်သုံးနှစ် ချမှတ်ခံရ

RFA Burmese
2024.01.30
ဗကသ ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကိုရဲ့ ဖခင် ထောင်သုံးနှစ် ချမှတ်ခံရ ဗကသ ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကို၏ ဖခင်ဖြစ်သူ ဦးကျော်အေးအား တွေ့ရစဉ်။
Citizen Journalist

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကိုရဲ့ ဖခင် ဦးကျော်အေးကို စစ်ကောင်စီရဲ့ အင်းစိန်ထောင်အတွင်း အထူးတရားရုံးက ဇန်နဝါရီလ ၂၉ နေ့မှာ ထောင်သုံးနှစ်ချလိုက်တယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

အသက် ၆၈ နှစ်အရွယ် ဦးကျော်အေးကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှာ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ ဗညားဒလလမ်းက နေအိမ်အထိ လာရောက်ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ - က နဲ့ တရားစွဲဆိုခဲ့တာပါ။

ရုံးချိန်း (၁၇) ကြိမ်ထုတ်ပြီးနောက် ဇန်နဝါရီလ ၂၉ နေ့မှာတော့ အင်းစိန်ထောင် အထူးတရားရုံးက အခုလို ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်တာလို့ ဆိုပါတယ်။

ထောင်ရဲ့အခြေအနေနဲ့ အခုလက်ရှိ ရာသီဥတုဒဏ်ကြောင့် ဦးကျော်အေး ကျန်းမာရေးထိခိုက်ပြီး ပိုဆိုးသွားမှာကို စိုးရိမ်နေရတယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"တရားရုံးထဲမှာ တရားသူကြီးက စာဖတ်ပြသွားတာ၊ လျှော့ရက်ခံစားခွင့်ရလား၊ မရလားတော့ သေချာမသိရသေးဘူး။ အသက်အရွယ်ကြီးတဲ့သူလည်း ဖြစ်တာကြောင့် ဆေးလည်းသောက်နေရတယ်။ အင်းစိန်ထောင်ထဲကလည်း အရမ်းအေးတယ်။ အသက်ကြီးပိုင်းဆိုတော့ သူ အဲဒီဒဏ်ကို ခံနိုင်ပါ့မလားလို့ စိုးရိမ်နေတာပါ"

နိုင်ငံရေးနဲ့ပတ်သက်ပြီး ရေးသားပြောဆိုမှု မရှိခဲ့တဲ့ ဦးကျော်အေးကို စစ်‌တပ်‌လော်ဘီ ဟန်ငြိမ်းဦးရဲ့ တယ်လီဂရမ်ကနေ လိပ်စာအတိအကျနဲ့ တင်လိုက်တာကြောင့် ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကစပြီး နိုင်ငံရေးပုဒ်မတွေနဲ့ အကြိမ်ကြိမ်ဖမ်းဆီးခံခဲ့ရသူ ဗကသဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကို ဟာလည်း အာဏာသိမ်းဆန့်ကျင့်လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ - က နဲ့ ၂၀၂၁ ခုနှစ်၊ မတ်လမှာ ဖမ်းဝရမ်းအထုတ်ခံထားရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ စစ်အာဏာသိမ်းနောက်ပိုင်း ဖမ်းဆီးခံခဲ့ရသူ ၂၅၉၁၅ ဦးရှိပြီး အဲဒီအထဲက ၁၉၉၇၇ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်သလို ၈၆၂၃ ဦးကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။