ကချင်ဒုက္ခသည်တွေကို သွားရောက်ကူညီတဲ့ ဆရာဝန်နဲ့ အရပ်သားတွေကို စစ်ကောင်စီဖမ်းဆီး
ကချင်ပြည်နယ် ဝိုင်းမော်မြို့နဲ့ (၁၀)မိုင်အကွာ၊ ရွှေညောင်ပင်ဂိတ်မှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ခမရ (၃၂၁)က စစ်သားတွေက၊ မိုးမောက်မြို့နယ်က စစ်ပြေးဒုက္ခသည်တွေကို သွားကူညီတဲ့ ဆရာဝန် သုံးယောက်နဲ့ အရပ်သားနှစ်ယောက်ကို မေလ ၁၉ ရက်နေ့ မနက်ပိုင်းက ဖမ်းသွားတယ်လို့ အမည်မဖော်လိုတဲ့ အဖမ်းခံရသူ တစ်ဦးရဲ့ မိခင်က RFA ကို ပြောပါတယ်။
"ကျွန်မတို့က အဖမ်းခံရတယ်လို့ပဲ သိပါတယ်ရှင် ။ သူတို့တတွေ မြစ်ကြီးနားဘက်မှာ အဖမ်းခံရတယ်လို့ ကျွန်မတို့ကို အကြောင်းကြားလိုက်တာ ၂၁ ရက်နေ့က။ ကျန်တာ ကျွန်မတို့လည်း အခုလောလောဆယ် တော့ စိတ်တွေပူနေတာပဲ"
သူတို့နဲ့အတူ သိန်း ၆၀ ဖိုးရှိတဲ့ ဆေးဝါးပစ္စည်းတွေလည်း ပါသွားတယ်လို့ သိရပါတယ်။
အဖမ်းခံရတဲ့သူတွေကတော့ ဒေါက်တာနွေဒါလီဝင်း၊ ဒေါက်တာခင်ပြည့်စုံသွေး၊ ဒေါက်တာသီဟ၊ ကိုအောင် မြတ် တို့ ဖြစ်တယ်လို့သိရပြီး နောက်တစ်ဦးရဲ့ နာမည်ကိုတော့ မသိရသေးပါဘူး။
သူတို့ ငါးယောက်ကို မြစ်ကြီးနားမြို့အခြေစိုက်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ စစ်ကြောရေးစခန်းမှာ ၁၂ ရက် ကြာတဲ့အထိ ထိန်းသိမ်းထားတယ်လို့ သိရတဲ့အကြောင်း မိသားစုဝင်တစ်ဦးက ပြောပါတယ်။