မုံရွာမြို့မှာ သတင်းထောက်တစ်ဦး အသတ်ခံရ
2016.12.13

ပြည်ထောင်စုလမ်းမကြီးဘေးမှာ ကိုစိုးမိုးထွန်း ကို ဦးခေါင်းပေါက်ပြဲဒဏ်ရာနှစ်ချက်၊ မျက်နှာဖူးယောင်ဒဏ်ရာတွေ နဲ့ မှောက်လျက် သေဆုံးနေတာကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒုရဲမှူး သိန်းဆွေမြင့် က ပြောပါတယ်။
"ဖြစ်တာကတော့ ခန့်မှန်းခြေ ဒီနေ့မနက် တစ်နာရီပတ်ဝန်းကျင်ပေါ့၊ နေရာကတော့ ပြည်ထောင်စု လမ်းမကြီးပေါ် အောင်ချမ်းသာရပ်ကွက်ပေါ့၊ လူတစ်ယောက်လဲနေတယ်ဆိုပြီး ယာဉ်ထိန်းကအရင် သွားတယ်၊ကျွန်တော်တို့က နောက်ကထပ်လိုက်တယ်၊ ဆိုင်ကယ်မှောက်တဲ့ပုံစံမျိုး အနေအထားမျိုးထင်လို့ ယာဉ်ထိန်းကအရင်ရောက်သွားတာ၊ ဒဏ်ရာတွေနဲ့တွေ့လို့ ရဲကထပ်ရောက်တာ ဒဏ်ရာက မျက်နှာ နဲ့ခေါင်းမှာ တွေ့တယ်၊ အဲ့မှာဖြစ်နိုင်ခြေရှိတဲ့ အခင်းဖြစ်ပတ်ဝန်းကျင်ကို စုံစမ်းနေပါတယ်၊ ကျနော့်စခန်း အပိုင်မှာဖြစ်လို့ ကျွန်တော်စခန်းမှာ အမှုဖွင့်ထားတယ်၊ အသတ်ခံရတာမို့ ၃၀၂ နဲ့ ဖွင့်ထားပါတယ်"
အသက် ၃၅ နှစ်အရွယ် ကိုစိုးမိုးထွန်း သေဆုံးမှုနဲ့ ပတ်သက်ပြီး မုံရွာမြို့မရဲစခန်းမှာ လူသတ်မှုနဲ့ အမှုဖွင့်ထားပြီး အမှုမှန်ပေါ်ပေါက်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ စခန်းမှူးက ပြောပါတယ်။
ကိုစိုးမိုးထွန်းဟာ ၂၀၁၀ ခုနှစ်ကစပြီး သတင်းထောက်အလုပ်ကို စတင်လုပ်ကိုင်ခဲ့ကာ Flower News ဂျာနယ်၊ Hot News ဂျာနယ်၊ ပြည်ထောင်စုနေ့စဉ်သတင်းစာတို့မှာ သတင်းတွေရေးသားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၅ ခုနှစ်က စတင်ပြီး Eleven Media Group ရဲ့ မုံရွာအခြေစိုက် သတင်းထောက်အဖြစ် လုပ်ကိုင်နေတာဖြစ်ပါတယ်။
ကိုစိုးမိုးထွန်း သေဆုံးမှုနဲ့ ပတ်သက်ပြီး မြန်မာဂျာနယ်လစ်ကွန်ရက်က သတင်းစာဆရာတွေရဲ့ လုံခြုံရေးကို သတင်း စာတိုက်တာဝန်ရှိသူတွေအနေနဲ့ အလေးအနက်ထားဆောင်ရွက်ဖို့ လိုအပ်လာကြောင်း၊ သတင်းစာဆရာတစ်ဦး ချင်းစီကလည်း မိမိတို့ လုံခြုံရေးကို အထူးဂရုပြုကြဖို့ ၊ အစိုးရတာဝန်ရှိသူတွေအနေနဲ့လည်း ပြည်သူတွေလုံခြုံရေး အတွက် အခုထက်ပိုမိုဆောင်ရွက်ပေးဖို့နဲ့ ကိုစိုးမိုးထွန်း သေဆုံးမှုအတွက် အမှုမှန်ပေါ်ဖို့ အမြန်ဆုံးအားထုတ်ကြိုး ပမ်းပေးဖို့ တိုက်တွန်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် Eleven Media Group ကလည်း သက်ဆိုင်ရာရဲတပ်ဖွဲ့အနေနဲ့ အမှုမှန်ပေါ်ပေါက်အောင် အမြန်ဆုံး စုံစမ်းဖော်ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံသတင်းစာဆရာအသင်း (MJA) ကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီတိုးတက်ဖွံ့ဖြိုးရေး အဂတိ လိုက်စားမှုကင်းစင်ရေးဖော်ဆောင်ရာမှာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာအခန်းကဏ္ဍက အရေးပါကြောင်း၊ အခုလိုအရပ်သားစစ်စစ်အစိုးရတက်လာချိန်မှာ သတင်းသမားတွေရဲ့ လုံခြုံရေး အကာအကွယ်ပေးမှုတွေကို ပိုမိုလုပ်ဆောင်ပေးဖို့ လိုအပ်ကြောင်း၊ အခုဖြစ်စဉ်အပေါ်မှာလည်း အမှုမှန်အမြန်ဆုံးပေါ်အောင် ဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်း ဒီနေ့ရက်စွဲနဲ့ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။