မုံရွာသတင်းထောက် သေဆုံးမှု သံသယရှိသူတစ်ဦးကို ထပ်မံဖမ်းဆီး
2017.01.03

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အခြေစိုက် Eleven Media Group သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သံသယရှိသူ နောက်ထပ်တစ်ဦးကို ထပ်မံဖမ်းဆီး စစ်ဆေးနေတယ်လို့ မုံရွာမြို့မရဲစခန်း ဒုရဲမှူး သိန်းဆွေမြင့် က ပြောပါတယ်။
အရင်ဖမ်းဆီးစစ်ဆေးနေသူနှစ်ဦးကို မနေ့က ရမန်ထပ်ယူထားပြီး နောက်ထပ်တစ်ဦးကိုလည်း မနေ့က နေ့လည် ပိုင်းလောက်မှာ ဖမ်းဆီးထားတယ်လို့ မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့် က ပြောပါတယ်။
"နောက်ထပ်တစ်ယောက်ကို ထပ်ဖမ်းထားတယ်ဗျ၊ ကိုစိုး(ခ) တင်စိုး မနေ့က နေ့ခင်းကဗျ၊ ၃ ယောက် စစ်နေပါတယ်ဗျ၊ ချုပ်ရက်ရမန်နဲ့က မလွှတ်သေးဘူးဗျ၊ သူတို့က ရမန်ထပ်ယူတာဗျ၊ ဒုတိယရမန်ထပ်ယူ တာ၊ ၁၆ ရက်နေ့အထိ ရမန်ယူထားတယ်ဗျ"
ဖမ်းဆီးစစ်ဆေးနေတဲ့ KTV ဆိုင်ဝန်ထမ်း ၂ ဦးကို မနေ့က ပြန်လွှတ်မပေးဘဲ မနေ့က နောက်ထပ် ဒုတိယချုပ်မိန့် ထပ်ယူထားတာဖြစ်ပြီး သူတို့ကို ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ရမန်ယူထားတယ်လို့ ပြောပါတယ်။
သတင်းထောက် ကိုစိုးမိုးထွန်း သေဆုံးမှုကို မုံရွာမြို့မ ရဲစခန်းမှာ ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့်ထားပြီး အမှုမှန်ဖော်ထုတ်နိုင်ဖို့အတွက် တိုင်း၊ ခရိုင်နဲ့ မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး သံသယရှိသူတွေကို စစ်ဆေးနေ တာဖြစ်တယ်။
ကိုစိုးမိုးထွန်းဟာ ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁၂ နာရီခွဲဝန်းကျင်က မုံရွာမြို့ အောင်ချမ်းသာ ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးဘေးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ ၂ ချက်၊ မျက်နှာဖူးယောင် ဒဏ်ရာတွေနဲ့ မှောက်လျက် သေဆုံးနေတာဖြစ်ပါတယ်။