ကိုစိုးမိုးထွန်း အသတ်ခံရမှုမှာ သံသယရှိသူ နှစ်ဦး ကို ပြန်လွှတ်ပေး
2017.01.02

Eleven Media Group ရဲ့ မုံရွာမြို့အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ ဖမ်းဆီးစစ်ဆေးနေတဲ့ KTV ဆိုင်ဝန်ထမ်း နှစ်ဦးကို ဒီကနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
စစ်ဆေးချက်တွေအရ လူသတ်မှုနဲ့ စွဲချက်တင်ဖို့ မလုံလောက်တာကြောင့် ခံဝန်နဲ့ ပြန်လွှတ်ပေးမှာ ဖြစ်တယ်လို့ မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့် က ပြောပါတယ်။
"လောလောဆယ်ကတော့ ကျနော်တို့ စစ်ဆေးစုံစမ်းချက်အရ အားနည်းတယ်ပေါ့နော်၊ သူ့ရဲ့အထောက် အထားတွေအရ လူသတ်မှုနဲ့ တရားစွဲတင်ဖို့ အားနည်းတာ၊ သူတို့ကို ခံဝန်နဲ့ပြန်ပြီးတော့မှ လွှတ်မယ့် အနေအထားရှိပါတယ်ခင်ဗျ။ "
အဲဒီ KTV ဆိုင်ဝန်ထမ်း ၂ ဦးကို ချုပ်မိန့်ရမန်နဲ့ ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ကိုစိုးမိုးထွန်းဟာ ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁၂ နာရီခွဲဝန်းကျင်က မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် ၊ ပြည်ထောင်စုလမ်းမကြီးဘေးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ ၂ ချက်၊ မျက်နှာဖူးယောင် ဒဏ်ရာတွေနဲ့ မှောက် လျက် သေဆုံးနေတာဖြစ်ပြီး မုံရွာမြို့မ ရဲစခန်းမှာ ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့်ထားပါတယ်။
သတင်းထောက် ကိုစိုးမိုးထွန်း သေဆုံးမှုကို အမှုမှန်ဖော်ထုတ်နိုင်ဖို့အတွက် တိုင်း၊ ခရိုင် နဲ့ မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး သံသယရှိသူတွေကို စစ်ဆေးနေတာဖြစ်တယ်။