ကိုစိုးမိုးထွန်း သေဆုံးမှု မသင်္ကာသူ နှစ်ဦးကို ဖမ်းဆီးစစ်ဆေး
2016.12.20

Eleven Media Group ရဲ့ မုံရွာအခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံသယရှိသူတွေထဲက ကေတီဗီဆိုင်ဝန်ထမ်း နှစ်ဦးကို မုံရွာမြို့မ ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
ချုပ်ရက် ရမန်ယူပြီး စစ်ဆေးနေတာဖြစ်တယ်လို့ မုံရွာမြို့မ ရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့် က ပြောပါတယ်။
"သူတို့က ကေတီဗီဆိုင်က ဝန်ထမ်းတွေပါဗျ ။ ကျနော်တို့ ဒီနှစ်ယောက်ကို မသင်္ကာစစ်ဆေးဆဲရှိ ပါသေးတယ်။ လူသတ်မှုနဲ့ ပတ်သတ်လို့ မသင်္ကာတရားခံကို ကျနော်တို့ တရားသူကြီးဆီကနေ ချုပ်မိန့်နဲ့တောင်းပြီး ချုပ်ထားတယ်၊ တရားရုံးတင်ရဖို့ ချုပ်မိန့်နဲ့ စစ်ဆေးနေတယ်၊ တရားရုံးကတော့ စစ်ဆေးပေါ်ပေါက်တဲ့အချိန်မှာ ပေါ်ပေါက်သလို တရားရုံးတင်ရတာရှိပါတယ်၊ ဒါက ရမန်ယူပြီး စစ်နေတာပါ။ နောက်လ နှစ်ရက်နေ့ထိ ရမန်ယူထားပါတယ်"
ကိုစိုးမိုးထွန်းကို ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁၂ နာရီခွဲဝန်းကျင်က မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ ပြည်ထောင်စု လမ်းမကြီးဘေးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာနှစ်ချက်၊ မျက်နှာဖူးယောင်ဒဏ်ရာတွေနဲ့ မှောက်လျက် သေဆုံးနေတာ ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဲဒီအမှုကို အမြန်ဆုံးပေါ်ပေါက်အောင် ဆောင်ရွက်ဖို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက် တာမြင့်နိုင် က ညွှန်ကြားထားပြီး တိုင်းဒေသကြီး၊ ခရိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့တွေပါဝင်တဲ့ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ကလည်း အမှုမှန်ပေါ်ပေါက်အောင် စစ်ဆေးနေတာဖြစ်ပါတယ်။
ကိုစိုးမိုးထွန်းဟာ တရားမဝင် သစ်မှောင်ခိုကိစ္စတွေနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ် သတင်းရေးသားခဲ့သူဖြစ်သလို မုံရွာမြို့ပေါ်မှာ တရားမဝင် ကေတီဗီဆိုင်တွေ များလာတဲ့အကြောင်း ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။