ရှမ်းပြည်တိုင်းရင်းသားပါတီများ အဖွဲ့ချုပ် ဖွဲ့စည်းမှု SNLD ဝေဖန်
2016.05.31

၂၁ ရာစု ပင်လုံညီလာခံမှာ ရှမ်းပြည်က နိုင်ငံရေးပါတီတွေ တသံတည်းထွက်ဖို့ဆိုပြီး "ရှမ်းပြည်တိုင်းရင်းသားပါတီ များအဖွဲ့ချုပ်"ကို ဖွဲ့စည်းလိုက်တာ မှန်ကန်ရဲ့လား သဘောရိုး ဟုတ်ရဲ့လားဆိုတာ ပြန်ဆန်းစစ်ဖို့ လိုအပ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ရှမ်းပြည်နယ်က နိုင်ငံရေးပါတီ ၁၃ ပါတီ စုပေါင်းပြီး ရှမ်းပြည်တိုင်းရင်းသားပါတီများအဖွဲ့ချုပ်ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
အဲဒီနေ့က ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ကို ဖိတ်ကြားခဲ့ပေမယ့် အစည်းအဝေး ခန်းမအတွင်းကို ဝင်ခွင့်မပြုခဲ့တဲ့အတွက် နိုင်ငံရေးလုပ်ကြံမှု လို့လည်း SNLD တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် က ပြောပါတယ်။
"ပင်လုံညီလာခံအတွက်ကို သူတို့တစ်ကယ်တမ်း ရည်ညွှန်းတယ်ဆိုရင် SNLD ဟာ ရှမ်းပြည်မှာ ဒုတိယ အများဆုံးရထားတဲ့ပါတီ၊ ဒီပါတီကိုတောင် အစည်းအဝေး ခန်းထဲကို ဝင်ခွင့်မပေးဘူးဆိုတော့ သူတိုရဲ့ လုပ်ဆောင်ချက်က မှန်ကန်ရဲ့လား၊ သင့်မြတ်ရဲ့လားဆိုတာ သေချာဝေဖန် ဆန်းစစ်ဖို့ လိုသေးတယ် လို့တော့ ကျနော်ပြောချင်တယ်၊ ဖိတ်စာမှာလည်း ရှင်းရှင်းလင်းလင်း တိတိကျကျမရေးထားဘူး၊ အစည်းအဝေးလည်း ပေးမတက်ဘူးဆိုတော့ နိုင်ငံရေးလုပ်ကြံမှုလို့ပဲ သတ်မှတ်တယ်"
SNLD ကျားခေါင်းပါတီဟာ ရှမ်းပြည်နယ်မှာ ဒုတိယအများဆုံး အနိုင်ရတဲ့ပါတီဖြစ်ပါတယ်။ ရှမ်းပြည်တိုင်းရင်းသား ပါတီများအဖွဲ့ချုပ်မှာ ပါဝင်တဲ့ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ က တစ်နေရာသာ အနိုင်ရပါ တယ်။ ရှမ်းပြည်တိုင်းရင်းသားပါတီများအဖွဲ့ချုပ် အဖွဲ့ဝင်အဖြစ် ၁၃ ပါတီရှိပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကနေ လွှတ်တော် တစ်နေရာရာအတွက် ကိုယ်စားမပြုတဲ့ပါတီတွေကို အရင်အစိုးရ လက်ထက်က ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ပူးတွဲကော်မတီ UPDJC မှာ ပါဝင်ခွင့်မပြုဘူးလို့ ဆုံးဖြတ်တဲ့အတွက် အဲဒီပါတီ ၁၃ ပါတီ က စုပေါင်းဖွဲ့စည်းလိုက် တာ ဖြစ်ပါတယ်။
ပြည်သူတွေက ထောက်ခံမှုမရှိတာကြောင့် ရွေးကောက်ပွဲမှာ အနိုင်မရတဲ့ပါတီတွေက ၂၁ ရာစု ပင်လုံညီလာခံမှာ ကိုယ်စားပြုပြီး ဆွေးနွေးမယ်ဆို တာ မေးခွန်းထုတ်စရာဖြစ်တယ်လို့လည်း ဦးစိုင်းလိတ်က ပြောပါတယ်။
ရှမ်းပြည်နယ်က နိုင်ငံရေးပါတီ ၁၃ ခု ပူးပေါင်းပြီး ရှမ်းပြည်တိုင်းရင်းသား ပါတီများအဖွဲ့ချုပ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာ ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီအဖွဲ့ချုပ်ဟာ ၂၁ ရာစုပင်လုံညီလာခံမှာ ရှမ်းပါတီတွေ တသံတည်းထွက်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတာလို့ဦးဆောင်သူတွေကပြောပါတယ်။
ရှမ်းပြည်နယ်မှာ ဒုတိယမဲအများဆုံးအနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အဲဒီအဖွဲ့ချုပ် ဖွဲ့စည်းရေး အစည်းအဝေး တက်ရောက် ခွင့်မရတဲ့အတွက် ဝေဖန်မူတွေရှိနေပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။