SNDP ပါတီဝင် တစ်ထောင်နီးပါး နှုတ်ထွက်
2014.03.27

ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီရဲ့ မိုင်းတုံမြို့နယ်က ပါတီဝင် ၁၀၀၀ နီးပါးဟာ SNDP ပါတီဝင်အဖြစ် ကနေ နှုတ်ထွက်လိုက်ဖြစ်ကြောင်း ဒီနေ့ တောင်ကြီးမြို့ မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
နှုတ်ထွက်လိုက်ကြသူတွေထဲမှာ လက်ရှိ ရှမ်းပြည်နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၃ ဦး ပါဝင်ပါတယ်။ SNDP ပါတီဝင် အဖြစ်ကနေ နှုတ်ထွက် လိုက်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝင်းမြတ်ဦးက နှုတ်ထွက်ရတဲ့ ရည်ရွယ်ချက်ကို အခုလို ပြောပါတယ်။
"မိုင်းတုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝင်းမြတ်ဦးပါ၊ ကျနော့်မြို့နယ်ကတော့ ပါတီဝင်အင်အား ၁ ထောင်နီနီးရှိပါတယ်၊ အဓိကကတော့ ကျနော်တို့ ပါတီနှစ်ခုပူးပေါင်းဖို့ ဖိအားပေးတာပါ"
အခုနှုတ်ထွက်လိုက်တဲ့ SNDP ပါတီဝင်ဟောင်းတချို့ဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင်အဖြစ် လျှောက်ထားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၃ ဦး နှုတ်ထွက်တာနဲ့ ပတ်သက်ပြီး SNDP ပါတီဝင် လဲချားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းအက်စကီးမိုးက အခုလို ပြောပါတယ်။
"ဒါကတော့ လူတိုင်းလူတိုင်းက ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ပေါ့နော်၊ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လုပ်ကြတယ်ဆိုတော့ ဒါကလည်း သူတို့အတွက် ဖြစ်သင့်တယ်ထင်လို့ လုပ်သွားကြတယ်ထင်ပါတယ်"
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာ တောင်ကြီးမြို့မှာ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ညီလာခံကနေ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကျားဖြူ SNDP နဲ့ ပူးပေါင်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထည့်သွင်းဖေါ်ပြခဲ့ပါတယ်။
ဒီနှုတ်ထွက်မှုတွေနဲ့ ပတ်သက်လို့ မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝင်းမြတ်ဦးကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။