ဒီပဲယင်းမှာတိုက်ပွဲဖြစ်၊ စစ်ဘေးရှောင် အမျိုးသမီးတစ်ယောက် ပိုးထိသေဆုံး

ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ထဲ ရွာ ခုနစ်ရွာက ဒေသခံ သုံးထောင်ကျော် တို့ဟာ ဘေးလွတ်ရာ ထွက်ပြေးကြရင်း ဆပ်ပြာကျင်းရွာက အသက် ၅၀ အရွယ် အမျိုးသမီးတစ်ယောက် (ပိုးထိ) မြွေကိုက်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၂ ရက်နေ့က တိုက်ပွဲတွေကြောင့် တောထဲထွက်ပြေးနေရတဲ့ တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်တွေက တောနင်းရှာတာတွေ လုပ်ခဲ့ကြတာကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ တောထဲ တစ်နေရာကနေ တစ်နေရာ ပြောင်းနေကြရတယ်လို့ ပြောပါတယ်။ ခုလိုရှောင်ပြေးရင်းကနေ အဲဒီအမျိုးသမီး (ပိုးထိ) မြွေကိုက်ခံရတာ ဖြစ်ပြီး ဆေးရုံ၊ ဆေးခန်းသွားပြဖို့လည်း အခက်အခဲတွေရှိလို့ ခုလိုသေဆုံးခဲ့ရတာလို့ ပြောပါတယ်။
ဇူလိုင် ၄ ရက် မနေ့ညကလည်း ညောင်ကြီးကုန်းကျေးရွာက သပိတ်ခေါင်းဆောင် တစ်ယောက်ရဲ့အိမ် ဗုံးခွဲခံရလို့ အိမ်ထဲမှာရှိနေတဲ့ သပိတ်ခေါင်းဆောင်ရဲ့ ယောက္ခမဖြစ်သူ အသက် ၆၀ ခန့်အရွယ် အမျိုးသား တစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောထဲ ထွက်ပြေးနေကြရတဲ့ လူဦးရေ ၃၀၀၀ ကျော်တို့အတွက် စားသောက်နေထိုင်ရေးအပြင် ဆေးဝါးတွေ လည်း အရေးတကြီး လိုအပ်နေတယ်လို့ ပြောကြပါတယ်။
စစ်ကောင်စီတပ်တွေက အင်အားသုံး နှိမ်နှင်းတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ တိုက်ပွဲအတွင်း ဒဏ်ရာ ရတဲ့ PDF တပ်ဖွဲ့ဝင်တွေကို မဖမ်းသေးဘဲ လာကယ်သူတွေကို ထပ်မံပစ်ခတ်တာတွေကြောင့် PDF ဘက်က သေဆုံးသူအရေအတွက်ဟာ ၂၅ ယောက်အထိ ရှိခဲ့ပြီး အမည်မသိသူ ငါးယောက်လည်း ရှိနေတယ်လို့ ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ကနေ သိရပါတယ်။