ပုသိမ်ခရိုင် SMEs လုပ်ငန်းရှင်တွေ ကိုဗစ်ချေးငွေ ထုတ်ယူရေး ခက်ခဲနေ
2020.12.04
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်ထဲက SMEs လုပ်ငန်းရှင်တွေ အနေနဲ့ ကိုဗစ်ချေးငွေ ထုတ်ယူရာမှာ ဟင်္သာတခရိုင် မြန်မာ့စီးပွားရေးဘဏ်ကို သွားရောက် ထုတ်ယူရမှာ ဖြစ်တဲ့အတွက် အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
Stay Home သတ်မှတ်ထားတဲ့ ပုသိမ်မြို့က လုပ်ငန်းရှင်တွေ တခြားမြို့ကို သွားထုတ်ရမှာဖြစ်လို့ အခက်အခဲတွေတွေ့နေရကြောင်း ဧရာဝတီတိုင်း ပုဇွန်မွေးမြူရေးအသင်းအတွင်းရေးမှူး ဦးမျိုးကိုကိုသိန်းက ပြောပါတယ်။
“ ပုသိမ်မှာ ထုတ်လို့ ရရင်တော့ အကောင်းဆုံးပေ့ါနော်။ ဟင်္သာတ သွား ဆိုတဲ့အချိန်မှာ ဆေးစစ်တာတွေ၊ ဒီကနေသွားရင် ဆေးစစ်ရမယ် ထောက်ခံစာတွေ အများကြီး ယူရမယ်။ ပြီးရင် မိသားစုတွေ အများကြီးလည်း ပါရဦးမယ်။ မိသားစုပါတဲ့အတွက် နေဖို့၊ စားဖို့တွေ၊ ထုတ်ဖို့တွေ ခက်ခဲမယ်။ အဲ့ဒါတွေကနေပြီးတော့ ပြန်လာရင်လည်း ဒီဘက်မှာ ထောက်ခံစာပြဖို့က ကိုယ့်နေရာမှာကိုယ် ထောက်ခံစာလုပ်ရတာ လွယ်ပေမယ့် ဟိုဘက်မှာ ထောက်ခံစာလုပ်ရတာ ခက်ခဲတယ်”
ဧရာဝတီတိုင်းထဲက ပုဇွန်မွေးမြူရေးလုပ်ကိုင်သူတွေက ပုသိမ်ခရိုင်ထဲက ပုသိမ်၊ ငပုတောနဲ့ သာပေါင်း မြို့နယ်တွေမှာ အများဆုံးလုပ်ကိုင်ကြတာပါ။ ကိုဗစ်ကြောင့် ပုဇွန်တွေ အရှုံးခံရောင်း နေရသလို၊ ကိုဗစ်ချေးငွေလျှောက်ရာမှာလည်း အခက်အခဲ ကြုံရတယ်လို့ ဦးမျိုးကိုကိုသိန်း ကပြောပါတယ်။
ဧရာဝတီတိုင်းမှာ ကိုဗစ်ချေးငွေလျှောက်ထားတဲ့ SMEs လုပ်ငန်းရှင် ၁၉၀၀ ကျော် ရှိပြီး ပထမ အကြိမ်မှာ ၂၅၁ ဦး ရရှိခဲ့ပြီး ဒုတိယအကြိမ်မှာ ၆၄၁ ဦးကို ခွင့်ပြုပေးခဲ့တာပါ။ အဲဒီ ၆၄၁ ဦး ထဲက လုပ်ငန်းရှင် ၅၀ ကျော် က ငွေပေးမိန့် ရရှိတဲ့အချိန်မှာ အခုလို အခက်အခဲ ကြုံခဲ့ရတာလို့ ဧရာဝတီတိုင်း ဆားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်း က ပြောပါတယ်။
“ နှစ်သုတ် ထွက်လာတာ။ ပထမ အသုတ်မှာက ၃၁ ယောက်၊ ဒုတိယအသုတ်မှာက ၂၅ ယောက်၊ ဒီလူ ငါးဆယ် သွားထုတ်ရင် နောက်ကလည်း အာမခံပေးမယ့် မိသားစုက ပါဦးမယ် ဆိုရင် လူအများကြီး ဖြစ်သွားမှာလေ။ ဒါက မဖြစ်သင့်ဘူးပေါ့လေ။ ဒီအတွက် ဘာပဲပြောပြော နိုင်ငံတော်က လူကြီးတွေ သိစေချင်ပါတယ်။ တစ်ကယ် နိုင်ငံတော်က စေတနာနဲ့ ပေးပြီးတော့ တကယ် စီမံခန့်ခွဲပြီး လုပ်ရမယ့် အခါကျတော့မှ ဒုက္ခတွေ ရောက်နေတာပေါ့လေ။”
တစ်နိုင်ငံလုံးရဲ့ ဆားထုတ်လုပ်မှု ၆၀ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်ပေးနေတဲ့ ဧရာဝတီတိုင်း ဆားလုပ်ငန်းရှင်တွေက ကိုဗစ်ကာလမှာ ထုတ်လုပ်မှုကုန်ကျစရိတ်တောင် ပြန်မရတဲ့ အခြေအနေတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ ဆားလုပ်ငန်းတွေ လည်ပတ်ဖို့နဲ့ လုပ်သားခတွေ ဖြေရှင်းဖို့ ကိုဗစ်ချေးငွေ လျှောက်ထားရမှာလည်း အခက်ကြုံရကြောင်းပြောပါတယ်။
တခြားခရိုင်က ဘဏ်ကို ချေးငွေသွားလျှောက်ရမှာလည်း အာမခံပေးမယ့် မိသားစုဝင်တွေ ခေါ်သွားရမှာက အခုကာလမှာ အခက်အခဲတစ်ခုလို့ ဆန်စက်ပိုင်ရှင်တစ်ဦး ဖြစ်တဲ့ ဦးသန်းဝင်းက ပြောပါတယ်။
“ ဘာလို့လဲဆိုတာ့ ပိုင်ရှင် အိမ်ထောင်ဦးစီးရယ်၊ အိမ်ထောင်ဦးစီးရဲ့ ဇနီးရယ်၊ နောက် ၁၈ နှစ်ပြည့်တဲ့ ကလေး နှစ်ယောက်ပါ ခေါ်သွားရမယ် ဆိုတော့ တစ်မိသားစုလုံး ခေါ်သွားသလို ဖြစ်သွားရော။ ရောဂါကာလထဲမှာ ကျတော့ ၁၈ နှစ်ပြည့်တဲ့ သားသမီးတွေကလည်း သူတို့မှာ သားသမီး လေးတွေ ရှိတယ်။ ဒါတွေက တကယ်ရောဂါဖြစ်လာရင် တကယ်အခက်အခဲတွေ ဖြစ်တော့မှာ၊ ဟိုဘက် မိသားစုမှာလည်း လူအများကြီး၊ ဒီဘက်မိသားစုမှာလည်း အများကြီးပေါ့။ အခက်အခဲတွေ အများကြီး ရှိတယ်။ ကိုယ့်ဧရာဝတီတိုင်းက ပုသိမ်ဘဏ်မှာပဲ ထုတ်ပေးရင် ပိုကောင်းတယ်လို့ ပြောချင်တယ်"
လူစုလူဝေး မလုပ်ရတာကြောင့် ဆန်စက်လုပ်ငန်းတွေလည်း အခက်အခဲတွေ နဲ့ ကြုံတွေ့နေရတယ်လို့ ဦးသန်းဝင်းက ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနဲ့စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းက SMEs လုပ်ငန်းတွေကို ကိုဗစ်ချေးငွေ အတွက် ထောက်ခံချက်ပေးရပါတယ်။ ကိုဗစ်ချေးငွေ ထုတ်ယူရေး အခက် အခဲမှာ SMEs လုပ်ငန်းရှင်တွေ က အသင်းကို အထင်အမြင်လွဲမှားနိုင်တယ်လို့ တိုင်းကုန်သည်၊ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက RFA ကို ပြောပါတယ်။
“ ပထမ အသုတ်က မြန်လဲ မြန်တယ်။ အခက်အခဲလည်း မရှိဘူး။ နိုင်ငံရေးအရ ပြောရရင်တော့ ရွေးချယ်ပွဲတွေ ပြီးသွားတဲ့အတွက် တို့ကို ဒီလိုများလုပ်သလားပေါ့။ ဒါတွေကလည်း သို့လော သို့လောတွေပေါ့။ အမျိုးမျိုး ပြောလာကြတာပေါ့။ ဒါတွေလည်း မဖြစ်စေချင်ဘူးပေါ့။ နောက်ပြီတော့ အဲ့ဒီဂယက်ကလည်း ဘဏ်တွေတင် မဟုတ်ဘူး။ အန်ကယ်တို့ အသင်းတွေကိုလည်း လာထိခိုက်တယ်ပေါ့နော်။ မြင်လာပြီဆိုရင် တဖက်တည်း မဟုတ်ဘူးပေါ့နော်။ သူတို့ရဲ့ အမြင်တွေက တို့လည်း ထိခိုက်လာတယ်။ ဒါ အသင်းချုပ်က လုပ်တာလား၊ အသင်းက လုပ်တာလား ကျနော်တို့ကို ဖြေရှင်းပါ ဆိုပြီး ”
ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းကတော့ SMEs လုပ်ငန်းရှင်တွေရဲ့ အခက်အခဲကို တိုင်းအစိုးရနှင့် UMFCCI ကို တင်ပြမယ်လို့ ဆိုပါတယ်။
တိုင်းစီမံ၊ဘဏ္ဍာဝန်ကြီး ဦးဌေးဝင်း ကတော့ ကိုဗစ်ချေးငွေ အခက်အခဲကို တင်ပြလာရင် ပြည်ထောင်စု ကို ဆက်လက်တင်ပြပေးမယ်၊ တိုင်းစက်မှုလက်မှုလုပ်ငန်းရှင်အသင်းအနေနဲ့ ပြည်ထောင်စုကို တိုက်ရိုက်တင်ပြလို့ရတယ်လို့ ပြောဆိုပါတယ်။