ပုသိမ်မြို့က နေအိမ် လေးရာခန့် ဖယ်ရှားဖို့ အာဏာပိုင်တွေ ညွှန်ကြား

RFA Burmese
2024.11.27
ပုသိမ်မြို့က နေအိမ် လေးရာခန့် ဖယ်ရှားဖို့ အာဏာပိုင်တွေ ညွှန်ကြား ပုသိမ်မြို့ကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က မီးရထားဌာနပိုင် ဧရိယာအတွင်းမှာရှိတဲ့ နေအိမ် လေးရာခန့်ကို ဖယ်ရှားပေးဖို့ တာဝန်ရှိသူတွေက အသိပေးထားတယ်လို့ မီးရထားဧရိယာအတွင်းမှာ နေထိုင်သူတွေက RFA ကို နိုဝင်ဘာလ ၂၇ ရက် ဒီနေ့ပြောပါတယ်။

ပုသိမ်မြို့က အမှတ် ၆၊ အမှတ် ၇၊ အမှတ် ၈နဲ့ ၁၃ ရပ်ကွက်က မီးရထားပိုင် ဧရိယာအတွင်းက နေအိမ် လေးရာခန့်ဟာ ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ဖယ်ရှားပေးဖို့ မီးရထားဌာန တာဝန်ရှိသူတွေက အဲဒီရပ်ကွက်မှာ နေထိုင်သူတွေကို အသိပေးခဲ့တာလို့ ဆိုပါတယ်။

လက်ရှိနေထိုင်သူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်ခန့်က လယ်ပိုင်ရှင်တွေဆီကတစ်ဆင့် ပြန်လည်ဝယ်ယူထားတာဖြစ်ပြီး အခုလို ဖယ်ခိုင်းတာကြောင့် အခက်အခဲတွေ ဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မီးရထားပိုင်မြေပေါ်မှာနေထိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“မိသားစုတစ်စုလုံး ရွှေ့ပြောင်းရတယ်ဆိုတာ မလွယ်ဘူးလေ။ နောက်ပြီးတော့ တစ်နေရာမှာ မြေအစား ပြန်ရတာ မဟုတ်ဘူး။ ကျွန်တော်တို့နေရာတွေက အကုန်လုံး ဖျက်ပေးရမှာ၊ ဖယ်ပေးရမှာဆိုတော့ မြေတင်ပဲ ပုသိမ်မြို့ရဲ့ ဆင်ခြေဖုံး တော်တော်စွန်စွန်ကျတဲ့ ရပ်ကွက်မှာ သွားဝယ်ရင်တောင်မှ သိန်းတစ်ရာလောက်ရှိတယ်။ ဘယ်နေရာသွားနေမလဲ။ နေစရာ မရှိတော့ဘူးပေါ့ဗျာ။ နေစရာ ပျောက်မယ်။ လုပ်ငန်းကိုင်ငန်းတွေ ပျက်မယ်။ စားဝတ်နေရေး အခက်အခဲတွေ အများကြီး ကြုံတွေ့ရမှာပေါ့ဗျာ။ အိမ်မဲ့ ရာမဲ့ဘဝကို ရောက်သွားမှာပေါ့”

ပုသိမ်မြို့မှာ ရထားလမ်းနဲ့ ပေငါးဆယ်အတွင်း ဆောက်လုပ်ထားတဲ့အိမ်တွေရှိသလို သီးခြား မီးရထားပိုင်မြေပေါ်မှာ ဆောက်လုပ်ထားတဲ့ နေအိမ်တွေလည်းရှိနေတာပါ။

ရထားလမ်းနဲ့ မလွတ်တဲ့ နေအိမ်ပိုင်ရှင်တွေက ရွှေ့ပြောင်းရမယ်ဆိုရင် လာမဲ့နှစ် စက်တင်ဘာလအထိ စောင့်ပေးဖို့နဲ့ မီးရထားပိုင်မြေပေါ်မှာ ရှိတဲ့ နေအိမ်တွေကတော့ မီးရထားဌာနမှာ မြေငှားစနစ်နဲ့ ဆက်လက်နေထိုင်ခွင့်ပေးဖို့ တင်ပြထားတယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဒီနေ့မနက်က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ တုံ့ပြန်ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။

ပုသိမ်မြို့ မီးရထားလမ်းပိုင်းဟာ ပုသိမ်-ဟင်္သာတ-ကြံခင်းကို ရထားပြေးဆွဲနေပေမဲ့ ရန်ကုန်-ပုသိမ် ရထားလမ်းပိုင်းကိုတော့ တည်ဆောက်ရေးလုပ်ငန်းတွေမှာ ငွေကြေးကုန်ကျမှု များပြားတာကြောင့် ၂၀၁၅ ခုနှစ်အတွင်း စီမံကိန်းတစ်ပိုင်းတစ်စနဲ့ ရပ်နားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း ပုသိမ်မြို့က မြို့နယ်အားကစားကွင်း နှစ်ခုနဲ့ စာသင်ကျောင်း လေးကျောင်းမှာ အငှားချထားတဲ့ ဆိုင်ခန်းတွေနဲ့ ဝန်ထမ်းသက်သာဆိုင်ခန်းပေါင်း တစ်ရာခန့်ကို ဖျက်ဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။