ရန်ကုန်-ပုသိမ်ကားလမ်းမှာ ကုန်စည်သယ်ခွင့် စစ်ကောင်စီ ကန့်သတ်
2024.12.21

ရန်ကုန်-ပုသိမ်ကားလမ်းမှာ ပြေးဆွဲနေတဲ့ ကုန်တင်ကားတွေ ကုန်စည်သယ်ယူပို့ဆောင်ခွင့်ကို အခုရက်ပိုင်းမှာ စစ်ကောင်စီတပ်ဘက်က ပိတ်လိုက်တယ်လို့ ဒေသခံတွေက RFA ကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ပြောပါတယ်။
ရခိုင်ပြည်နယ်က တိုက်ပွဲတွေ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နဲ့ မိုင်နှစ်ဆယ်အထိ ရောက်လာတာကြောင့် ရန်ကုန်-ပုသိမ် ကားလမ်းမှာ ပြေးဆွဲနေတဲ့ ကုန်တင်ကားတွေကို ကုန်သယ်ခွင့် ပိတ်လိုက်တာလို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ ကုန်စည်သယ်ခွင့်ပိတ်လို့ အခက်ကြုံနေရတယ်လို့ RFA ကိုပြောပါတယ်။
"ဒီမနက် ကျွန်တော် ကုန်သယ်ဖို့ဟာတွေ ရှိတော့လေ။ အဲဒါနဲ့ ကားဂိတ်မေးကြည့်တော့ တင်လို့မရသေးဘူးတဲ့။ ရန်ကုန်-ပုသိမ်လမ်းကို ပိတ်ထားတယ်တဲ့၊ ကုန်ကားတွေပေါ့လေ။ အိမ်စီးကားတွေကတော့ ပေးသွားတယ်ထင်ပါတယ်။ ကုန်ကားတွေ ပိတ်ထားတယ်ဆိုတာတော့ သေချာတယ်။ ဒီလိုပိတ်တော့ ကျွန်တော်တို့အတွက် အရောင်းအဝယ်တွေတော့ ကျပ်သွားတာပေါ့လေ"
ဧရာဝတီတိုင်းကနေ ရန်ကုန်မြို့ကို ဆန်၊ ငါးပိ၊ ငါးခြောက် တင်ပို့မှုများတာကြောင့် အခုလို ကုန်စည်တင်ပို့မှု ပိတ်လိုက်တာကြောင့် ပစ္စည်းပျက်စီးဆုံးရှုံးမှုတွေအပြင် စျေးနှုန်းကျဆင်းမှုတွေနဲ့ပါ ကြုံရတော့မယ်လို့ ဆိုပါတယ်။
ရန်ကုန်နဲ့ ဧရာဝတီတိုင်းအစပ်က ပုသိမ်ကားလမ်းမပေါ်မှာရှိတဲ့ ပန်တိုင်စစ်ဆေးရေးဂိတ်၊ ပန်းတနော်ဂိတ်နဲ့ ပုသိမ်မြို့က စစ်ဆေးရေးဂိတ်တွေမှာ ပစ္စည်းတွေ ဖွင့်ဖောက်စစ်ဆေးတာ၊ အမျိုးသားတွေကို ခေါ်ယူစစ်ဆေးမှုတွေ အခုလအတွင်း တင်းတင်းကျပ်ကျပ်လုပ်နေတာလို့ ခရီးသည်တွေက RFA ကိုပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဒီဇင်ဘာလ ၂၁ ရက်နေ့ ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
အောက်တိုဘာလကလည်း ရန်ကုန်မြို့ကနေ စားသောက်ကုန်တွေ သယ်ယူလာတဲ့ ကုန်ကား ခုနစ်စီးကို ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ကျွန်းကုန်းရွာမှာ ရခိုင်ပြည်နယ်ကို စားသောက်ကုန်တွေ တင်ပို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ရခိုင်နဲ့ ဧရာဝတီ ကားလမ်းမတစ်လျှောက် ကုန်စီးဆင်းမှုဖြတ်တောက်ထားသလို အခုတစ်ခါ ရန်ကုန်-ဧရာဝတီလမ်းပိုင်းတွေမှာပါ ကန့်သတ်လာတာဖြစ်ပါတယ်။