ပုသိမ်ထောင်ကလွတ်မြောက်လာသူ လေးဆယ်ကျော်မှာ နိုင်ငံရေးအကျဉ်းသား လေးဦးသာပါဝင်

RFA Burmese
2024.04.17
ပုသိမ်ထောင်ကလွတ်မြောက်လာသူ လေးဆယ်ကျော်မှာ နိုင်ငံရေးအကျဉ်းသား လေးဦးသာပါဝင် ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းနေသူများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။
ဂျက်စတစ်

ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်ကနေ စစ်ကောင်စီလွတ်ငြိမ်းခွင့်နဲ့ ဧပြီလ ၁၇ ရက်နေ့မှာ အကျဉ်းသား၊ အကျဥ်းသူ ၄၅ ဦး လွတ်မြောက်လာပေမယ့် နိုင်ငံရေးအကျဥ်းသား လေးဦးသာ ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား လေးဦးထဲမှာ ပုသိမ်မြို့က နှစ်ဦးနဲ့ ကျုံပျော်မြို့နယ်က နှစ်ဦးပါဝင်တယ်လို့ ပုသိမ်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောပါတယ်။

"အကုန် ၄၅ ယောက်ထဲမှာ နိုင်ကျဥ်းလေးယောက်ပဲ ပါတယ်။ ပုသိမ်က နှစ်ယောက်၊ ကျုံပျော်က နှစ်ယောက်ပါတယ်။ ကျုံပျော်က နှစ်ယောက်ကတော့နာမည်သိတယ်။ အကုန်လုံး ပုဒ်မသုံးခုနဲ့ သူတို့ကို ထောင်ငါးနှစ်ကျတာ။ ဝေယံတိုးရယ်၊ ဦးတင်ထွေးရယ်။ ဝေယံတိုးကတော့ ဆယ်တန်းအောင်ခါစ ကျောင်းသားလေး"

လက်ရှိမှာတော့ လွတ်ငြိမ်းခွင့်မှာပါတဲ့ အကျဉ်းသားအားလုံး ထောင်ပြင်ရောက်လာပြီလို့ သူကဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ ဧရာဝတီတိုင်း စစ်ကောင်စီပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ဒီနေ့ကျရောက်တဲ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ နိုင်ငံတစ်ဝန်းက အကျဉ်းသူ၊ အကျဉ်းသား ၃၃၀၃ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးတယ်လို့ ကြေညာထားပြီး လက်ရှိအချိန်အထိ ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံအကျဉ်းသား အနည်းငယ်သာ ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။