မြောင်မြို့နယ် ပရိမ္မရွာ လေကြောင်းကပစ်ခတ်ခံရလို့ အရပ်သား ခြောက်ဦး ဒဏ်ရာရ

2022.10.28
မြောင်မြို့နယ် ပရိမ္မရွာ လေကြောင်းကပစ်ခတ်ခံရလို့ အရပ်သား ခြောက်ဦး ဒဏ်ရာရ စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပရိမ္မရွာ မီးရှို့ခံထားရသည်အား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: Mann Ma Kha

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပရိမ္မရွာကို အောက်တိုဘာ ၂၈ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ကြည်းကြောင်း၊ လေကြောင်းနဲ့ နှစ်ဘက်ညှပ်ပိတ် ဝင်ရောက်စီးနင်းပြီး စစ်ရဟတ်ယာဉ်ပေါ်က ပစ်ခတ်လို့ ရွာထဲက အရပ်သား ခြောက်ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၅ နာရီလောက်မှာ အင်အား ၆၀ လောက်ပါတဲ့ စစ်ကောင်စီတပ် မြေပြင် စစ်ကြောင်းက ပရိမ္မရွာကို ဝင်ရောက်စီးနင်းပြီး မနက် ၇ နာရီလောက်မှာတော့ စစ်ရဟတ်ယာဉ် သုံးစီးထပ်ရောက်လာပြီး လေကြောင်းကနေ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ရဟတ်ယာဉ် သုံးစီးမှာ တစ်စီးက ရွာပတ်ပတ်လည်နဲ့ ရွာထဲကို စက်သေနတ်နဲ့ အတွဲလိုက်ပစ်ခတ်ပြီး ကျန်နှစ်စီးက လူအင်းအားတွေထပ်ချတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလိုပစ်ခတ်ခဲ့လို့ ရွာထဲက အရပ်သား ခြောက်ဦးဒဏ်ရာရပြီး စစ်ကောင်စီတပ်ရဲ့ ဝင်ရောက်စီးနင်းမှုကြောင့် လူတချို့လည်း ရွာထဲက ထွက်မပြေးနိုင်ဘဲ ပိတ်မိနေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရဟတ်ယာဉ်သုံးစီးနဲ့ နမခ ဘက်ကနေ တက်လာပြီးပစ်တာပဲ။ ရွာထဲကလူတွေလည်း မှန်ထားတယ်။ လက်မောင်းတွေ ဘာတွေလေ။ အိမ်ထဲထိုင်နေတာကို လူကြီးတွေ မှန်ထားတာလည်း ရှိတယ်။ ရွာထဲမှာ ပိတ်မိနေတဲ့ လူတွေလည်း ရှိတယ်။ တချို့ကလည်း ထွက်ပြေးလာတာပေါ့။ မြောက်ဘက်ထွက်ပြေးတဲ့ သူတွေရော၊ တောင်ဘက်ထွက်ပြေးတဲ့ လူတွေရော”

အခုလို ဝင်ရောက်စီးနင်းတာကြောင့် ပရိမ္မရွာ အပါအဝင် ရွှေတချောင်းကျွန်း၊ ကျားအို၊ ရွှေပန်း စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး လတ်တလော ထွက်ပြေးနေရတာဖြစ်လို့ အရေအတွက် ဘယ်လောက် ရှိတယ်ဆိုတာတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေဖြစ်လို့ စစ်ကိုင်းတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးထံ ဆက်သွယ် မေးမြန်းဖို့သာ ပြန်လည်ဖြေဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်အနေနဲ့ အရပ်သား တွေအပေါ် ထိခိုက်အောင် လုပ်တာမရှိဘူးလို့ ယခင်က တုံ့ပြန်ပြောဆိုထားပါတယ်။

ကုသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၁ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်း အတွင်း အရပ်သား ၅၄၅,၂၀၀ ဦး အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။