အကြမ်းဖက်မှုတွေနဲ့ ပတ်သက်သူ လိုက်လံဖမ်းဆီး

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က စစ်တွေမြို့မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ပါဝင်တယ်လို့ ယူဆရသူတွေကို စစ်တပ်နဲ့ အာဏာပိုင်တွေက လိုက်လံ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

2012.08.09

အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ ညပိုင်းက စတင်ပြီး နေအိမ်တွေမှာ လိုက်လံ ဖမ်းဆီးနေတာဖြစ်ကြောင်း ဘာကြောင့်ဖမ်းဆီးတယ်၊ ဘယ်ကိုခေါ်သွားတယ် ဆိုတာကို မသိရကြောင်း အင်္ဂါနေ့ မနက် ၂ နာရီလောက်က အဖမ်းခံခဲ့ရတဲ့ စစ်တွေမြို့ ကသဲရပ်ကွက်က ကိုစံရွှေထွန်းရဲ့ ဇနီးဖြစ်သူ မဆန္ဒမေက RFA ကိုပြောပါတယ်။ ဖိနပ်မပါ အဝတ်မပါ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

"သူတို့ဖမ်းဆီးသွားတဲ့ အချိန်မှာ ဘာကိုခေါ်သွားတယ်။ ဘာလုပ်တယ် အဲတာကို ကျွန်မတို့ မမြင်ရပါဘူး။ ကျွန်မတို့က မိုးလင်းပြီးတော့မှ တပ်ကိုရောက်နေတယ်လို့ သတင်းကြားပါတယ်။ အဲဒီအချိန်မှာ ကျွန်မတို့ သွားကြည့်ပါတယ်။ ပထမဆုံးအနေနဲ့ ကြည့်ခွင့်မပေးပါဘူး။ နေ့လည် ၂ နာရီ ၃ နာရီလောက်မှပဲ သူတို့ တွေ့ခွင့်ပေးပါတယ်"

စစ်တပ်နဲ့ အာဏာပိုင်တွေက ပထမဦးဆုံး ကသဲရပ်ကွက်ထဲမှာ ကူလီလုပ်နေတဲ့ ဟိန္ဒူချေ ဆိုသူကို ဖမ်းဆီးပြီး သူ့ရဲ့သတင်းပေးချက်အရ ပဋိပက္ခကာလအတွင်း နေအိမ် မီးရှို့တာတွေမှာ ပါဝင် ပတ်သက်တယ်ဆိုပြီး လိုက်လံ ဖမ်းဆီးနေတာ ဖြစ်တယ်လို့ ကသဲရပ်ကွက်သားတွေက ဆိုပါတယ်။

စစ်တွေမြို့ ကသဲရပ်ကွက်ထဲမှာ ဒီကနေ့အထိ စစ်တပ်နဲ့ အာဏာပိုင်တွေ ဖမ်းဆီးထားတာ စံရွှေထွန်း၊ ကျန်အေးမောင်နဲ့ ညီညီ(ခ) ဇော်မင်းထွန်းတို့ (၃) ဦး ဖြစ်ပြီး တစ်ခြား သူတွေကိုလည်း လိုက်လံ ဖမ်းဆီးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ အခုလက်ရှိ ဖမ်းဆီးထားသူတွေကို လာမယ့် တနင်္လာနေ့မှာ ရုံးတင် စစ်ဆေးမယ်လို့လည်း အဖမ်းခံရတဲ့ ကိုစံရွှေထွန်းရဲ့ဇနီး မဆန္ဒမေက ပြောပါတယ်။

ပဋိပက္ခတွေနောက်ပိုင်း စစ်တွေမြို့ရဲ့ အခုလက်ရှိ အခြေအနေအရ တည်ငြိမ်စပြုနေပြီလို့ ဆိုနိုင်ပေမယ့် အာဏာပိုင်တွေက အခုလို လိုက်လံ ဖမ်းဆီးနေတာနဲ့ ပတ်သက်ပြီး မြို့ခံလူထုတွေအကြား မကျေနပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ စစ်တွေမဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။