စစ်တွေမှာ ပဋိပက္ခကြောင့် ရပ်နားထားတဲ့ ရထား လမ်းပိုင်း ပြန်လည်ဖွင့်လှစ်
2015.01.23

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေကြောင့် ရပ်နားထားတဲ့ စစ်တွေ - ရေချမ်းပြင် ရထားလမ်းပိုင်းကို ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ဒီနေ့ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဒေသတည်ငြိမ်လာပြီဖြစ်တာကြောင့် ဒေသခံတွေ သွားလာရေးလွယ်ကူစေဖို့အတွက် အခုလိုပြန်လည် ဖွင့်လှစ်တာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောပါတယ်။
"အခုအခါ ရခိုင်ဒေသအတွင်းမှာ တည်ငြိမ်းအေးချမ်း မှုတွေ တိုးတက်ရရှိလာပြီဖြစ်တဲ့အတွက် ပြည်နယ် ရဲ့တောင်းဆိုမှုအရ တစ်ဖက်က အပြု သဘောဖြစ်အောင်ကြိုးပမ်းပြီး လုပ်ဆောင်နေတဲ့ အချိန်မှာ အဲဒီ့ကဖြစ်ပေါ်လာတဲ့ရလာဒ်တွေ ကောင်း သထက်ကောင်းအောင်၊ တိုးတက်သထက်တိုးတက်အောင် ဝိုင်းဝန်းပြီးစောင့်ရှောက်ကြဖို့ တိုင်းသူပြည်သား အားလုံးမှာ တာဝန်ရှိပါတယ်လို့ ကျနော်ထည့်သွင်းတင်ပြလိုပါတယ်"
အဲဒီ ရထားလမ်းပိုင်းဟာ ၁၀ မိုင်ကျော်ရှည်လျားပြီး စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ မွတ်စလင်ကျေးရွာတွေ ကို ဖြတ်သန်းဖောက်လုပ်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က စစ်တွေမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အဲဒီရထားလမ်းပိုင်းကို ပိတ်ထားခဲ့တာပါ။
အဲဒီရထားလမ်းပိုင်းဟာ စစ်တွေ- အမ်း - မင်းဘူးရထားလမ်းစီမံကိန်းထဲက လမ်းပိုင်းတစ်ခုဖြစ်ပါတယ်။
စစ်တွေ- အမ်း- မင်းဘူးရထားလမ်းစီမံကိန်းထဲက နောက်ထပ်လမ်းပိုင်းတစ်ခုဖြစ်တဲ့ မြောက်ဦး ရထားလမ်းပိုင်းကို မြောက်ဦးမြို့ခံတွေရဲ့ ကန့်ကွက်မှုကြောင့် ပြီးခဲ့တဲ့နှစ်က ရပ်နားထားပါတယ်။
မြောက်ဦးရထားလမ်းပိုင်းဟာ ရှေးဟောင်းဓညဝတီ၊ ဝေသာလီ၊ မြောက်ဦးစတဲ့ ရှေးဟောင်းဇုန် ၃ ခုကို ဖြတ်သန်းဖောက်လုပ်တာကြောင့် ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးဆုံးရှုံးတယ်ဆိုပြီး မြို့ခံတွေက ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။
အဲဒီလိုကန့်ကွက်ခဲ့တဲ့ မြို့ခံတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး လမ်းကြောင်းပြောင်းလဲ ဖောက်လုပ်မယ် လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောခဲ့ပါတယ်။