မီးရထားဝန်ကြီးဌာနပိုင်မြေထဲက ကျူးကျော်အိမ်တွေ ဖယ်ရှားမည်


2014.12.18

မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်း က မြန်မာ့မီးရထားဝန်ကြီးဌာန တိုင်းအမှတ် (၈) နယ်မြေ ထဲမှာရှိတဲ့ ကျူးကျော်အိမ်တွေကို ဖယ်ရှားတော့မယ်လို့ တိုင်းအမှတ် (၈) မန်နေဂျာ က ပြောပါတယ်။

မီးရထား တိုင်းအမှတ် (၈) မန်နေဂျာ ဦးစိုးရွှေက မီးရထားပိုင်မြေတွေကို လုပ်ငန်းရှင်တွေထံ ငှားရမ်းဖို့အတွက် ကျူးကျော်အိမ်ခြေအားလုံးကို ဖယ်ရှားမှာဖြစ်တယ်လို့ ဒီနေ့ မော်လမြိုင်မြို့က မီးရထားရုံးမှာ သတင်းထောက်တွေ ကို ပြောပါတယ်။

"မြန်မာ့မီးရထားဟာ ခရီးသည် သယ်ယူပို့ဆောင်ရေး အတွက် အရှုံးခံပြီး လုပ်နေတယ်ဆိုတာရယ်၊ နည်းလမ်းတွေကို အကျိုးရှိစွာအသုံးချရေးဆိုတဲ့ ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်၊ အဲ့အတွက်ကြောင့်မို့ ဒီမြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မီးရထားပိုင်မြေအားလုံးကို ကျနော်တို့က ပုဂ္ဂလိကတစ်ဦးချင်း အနေနဲ့သော်၎င်း၊ ကုမ္ပဏီအဖွဲ့အစည်းနဲ့သော်၎င်း အကျိုးတူပူးပေါင်းဆောင် ရွက်ပြီး မြေငှားမယ်ဗျာ"

မီးရထား တိုင်းအမှတ် (၈) နယ်မြေဟာ မွန်ပြည်နယ် သိမ်ဇရပ်ကနေ တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်း မြို့နယ်အထိ မိုင်ပေါင်း ၂၈၅ မိုင်ရှည်လျားပါတယ်။

မီးရထားသံလမ်းကနေ အနည်းဆုံးပေ ၅၀ ကနေ ၁၅၀ အထိကို မီးရထားပိုင်နယ်မြေအဖြစ် သတ်မှတ်ထားပါတယ် ။ ဒါပေမဲ့ အဲဒီမီးရထားလမ်းတလျှောက်မှာ နှစ်ပေါင်းများစွာနေထိုင်နေကြသူ အမြောက်အများရှိတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပေါင်မြို့နယ် မုတ္တကျေးရွာမှာရှိတဲ့ အိမ်ခြေ ၂၀၀ ကျော်ကို တစ်လအတွင်း ပြောင်းရွေ့ပေးဖို့ စာထုတ်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။