ခြံအမှတ် (၅၄) ကို ကျပ် ၂၇ ဘီလီယံ ဈေးလျှော့ရောင်းဖို့ ဦးအောင်ဆန်းဦး ထပ်မံတင်ပြ
2025.02.27

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက အမွေဆိုင် အငြင်းပွားမှုရှိနေတဲ့ ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို နောက်ဆုံးကြမ်းခင်းဈေး ကျပ်ငွေ ၂၉၇ ဘီလီယံကနေ ၂၇၀ ဘီလီယံအထိ ၂၇ ဘီလီယံ ဈေးလျှော့ပြီး လေလံတင်ရောင်းချဖို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးဘက်က တင်ပြခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီအိမ်နဲ့ ခြံကို သုံးကြိမ်တိုင် လေလံတင်ရောင်းချခဲ့ပေမဲ့ ဝယ်ယူသူမရှိတာကြောင့် ဒီတစ်ကြိမ်မှာလည်း ဈေးလျှော့ပြီး ထပ်မံလေလံတင်ရောင်းချဖို့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေအဖွဲ့က ကမာရွတ်ခရိုင် တရားရုံးကို တင်ပြခဲ့တာပါ။
အခုလို ဈေးနှုန်းတင်ပြလာတဲ့အပေါ် လာမဲ့ မတ်လ ၆ ရက်နေ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ပြန်လည်တင်ပြဖို့ရှိနေပြီး နှစ်ဖက်လုံးရဲ့ တင်ပြချက်တွေကို ကြားနာပြီးမှသာ တရားရုံးက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ဒီအိမ်နဲ့ ခြံကို ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်နေ့မှာ ကျပ်ငွေ ၃၁၅ ဘီလီယံနဲ့ ပထမအကြိမ်၊ ၂၀၂၄ ခုနှစ်ဩဂုတ်လ ၁၅ ရက်နေ့မှာ ကျပ် သုံးရာ ဘီလီယံနဲ့ ဒုတိယအကြိမ်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ကျပ်ငွေ ၂၉၇ ဘီလီယံနဲ့ တတိယအကြိမ် ဈေးလျှော့ပြီး ရောင်းချခဲ့ပေမဲ့ ဝယ်ယူသူ မရှိခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသေးတာ၊ ဒေါ်အောင်ဆန်းစုကြည် မသိသေးဘဲ လေလံဆွဲခွင့်ပေးတာဟာ ဥပဒေနဲ့ မညီညွတ်ဘူးဆိုပြီး တရားရုံးမှာ တောက်လျှောက် ကန့်ကွက်ထား ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ စစ်ကောင်စီ တာဝန်ရှိသူတွေထံ တရားဝင် တင်ပြတောင်းဆိုထားပေမဲ့ ဒီနေ့အထိ တွေ့ခွင့်မရသေးဘူးလို့လည်း ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်က ခြံအမှတ် (၅၄) နေအိမ်မှာ အကျယ်ချုပ်နဲ့ ဖြတ်သန်းခဲ့ရပေမဲ့ အခုတစ်ခေါက် အာဏာသိမ်းပြီးနောက်မှာတော့ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်ခံထားရပြီး ထောင် ၂၇ နှစ် ဆက်လက်ကျခံနေရပါတယ်။