လူနေအိမ်တွေကို စစ်ကောင်စီအင်အားသုံးဖယ်ရှားမှု စစ်ရာဇဝတ်မှုမြောက်ကြောင်း ကုလအရာရှိတွေပြော

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2022.12.02
လူနေအိမ်တွေကို စစ်ကောင်စီအင်အားသုံးဖယ်ရှားမှု စစ်ရာဇဝတ်မှုမြောက်ကြောင်း ကုလအရာရှိတွေပြော ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်က ဖျက်ဆီးခံရသည့်နေအိမ်။
Photo: RFA

ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေရှိ လူငါးသောင်းကျော်ရဲ့ နေအိမ်တွေကို အာဏာသိမ်း စစ်ကောင်စီက အခုရက်ပိုင်းအတွင်း အင်အားသုံး ဖယ်ရှားနေတဲ့ လုပ်ရပ်ဟာ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိတွေက ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို တာဝန်ခံမှုရှိလာအောင်လုပ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ တာဝန်ရှိတယ်လို့ ဒီကနေ့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

317515223_10162271164838128_714300920833436907_n.jpg

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ်ပိုင်မြေပေါ်မှာနေတဲ့သူ လူလေးသောင်းလောက်ကို နေအိမ်အစားထိုးမပေးဘဲ လက်ရှိနေနေတဲ့ အိမ်တွေကနေ အင်အားသုံး ဖယ်ခိုင်းခဲ့တယ်လို့ ထောက်ပြထားပါတယ်။

ဖယ်ရှားခံရတဲ့သူအများစုဟာ အဲဒီနေရာတွေမှာ ဆယ်စုနှစ်နဲ့ချီ နေလာတဲ့သူတွေဖြစ်ပြီး၊ တချို့ဟာ နာဂစ်မုန်တိုင်းဒဏ်ခံရလို့ ပြောင်းလာသူတွေ၊ တချို့ကတော့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် ပြောင်းရွှေ့လာသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက နေအိမ်တွေကို ဖယ်ရှားခိုင်းတာကြောင့် အဲဒီက ဒေသခံ ၂ ဦးဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့အထိ ဖြစ်ခဲ့တယ်လို့ ကုလအရာရှိတွေက ပြောပါတယ်။

316522031_10162249136318128_6991996444449209655_n.jpg

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ထဲက အိမ်ခြေ ၁၅ဝက မိသားစုတွေဟာလည်း စစ်ကောင်စီရဲ့ အတင်းအကြပ် နေအိမ်က ဖယ်ရှားတာခံခဲ့ရပြီး အခုအိုးမဲ့အိမ်မဲ့ဖြစ် ဘုန်းကြီးကျောင်းတွေမှာ နေနေရတယ်လို့ ထောက်ပြပါတယ်။

အလားတူ မန္တလေးချမ်းမြသာစည်က အိမ်ခြေ ၅ဝဝဝ ကျော်ဟာလည်း ညတွင်းချင်း ဖျက်ဆီးခံရသလို၊ ပြင်ဦးလွင်က ဆိုင်ခန်းပေါင်း ၂ဝဝ ကျော်လည်း ပြောင်းရွေ့တာခံခဲ့ရတယ်လို့ ကုလရဲ့ ထုတ်ပြန်ချက်မှာပါပါတယ်။

ဒီလိုအင်အားသုံး ဖယ်ရှားတာတွေတင်မက မြန်မာစစ်တပ်ဟာ သူ့ကိုပြန်လည်ခုခံနေတဲ့သူတွေကို ချေမှုန်းတဲ့အနေနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို ဗုံးကြဲချတာ၊ မီးရှို့တာ နည်းမျိုးစုံနဲ့ စနစ်တကျ တိုက်ခိုက်ဖျက်ဆီးနေတယ်လို့လည်း ကုလအရာရှိတွေက ပြောပါတယ်။

316680204_10162271164328128_7003797041854008551_n.jpg

အာဏာသိမ်းပြီးနောက် နေအိမ် သုံးသောင်းရှစ်ထောင်ကျော် မီးရှို့ဖျက်ဆီးခံရပြီး လူ တစ်ဒသမတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က နေအိမ်တွေဖယ်ရှားတာတွေကို ချက်ချင်းရပ်ဖို့လည်း ဒီကနေ့ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိတွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။