စစ်တွေမြို့အနီးက မြေကိစ္စ စုံစမ်းစိစစ်ရေးအဖွဲ့ ဖွဲ့စည်း


2016.09.29
rakhine-land-620.jpg ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်အနီးက သိမ်းဆည်းထားတဲ့ မြေယာတွေမှာ ခြံစည်းရိုးကာရံထားသည်ကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အရင်အစိုးရလက်ထက်က စက်မှုရပ်ကွက်အဖြစ် သိမ်းဆည်းထားတဲ့ မြေတွေ ကို ပြည်နယ်အဆင့် အစိုးရအရာရှိတွေက အသီးသီးခွဲဝေယူထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ကိုယ်စားလှယ် ၇ ဦးပါဝင်တဲ့ စိစစ်ရေးအဖွဲ့တစ်ခုကို ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းတာဝန်ပေးအပ် လိုက်ပါတယ်။

ဒီအဖွဲ့အနေနဲ့ စိစစ်ရေးလုပ်ငန်းတွေကို ဒီနေ့စတင်ဆောင်ရွက်နေပြီ ဖြစ်သလို မြေကွက်နဲ့ သက်ဆိုင်သူတွေ အားလုံးကို စိစစ်သွားမှာဖြစ်တယ်လို့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စစ်တွေမြို့နယ် မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇောဦးကပြောပါတယ်။

"စစ်ဆေးရမှာက မြေယာစီမံခန့်ခွဲမှုနဲ့ သက်ဆိုင်တဲ့ အာဏာပိုင်တွေပါမယ်၊ မြေကွက်တွေကို ခွဲခြမ်းပေးရာမှာပါတဲ့ စက်မှုဝန်ကြီးချုပ်ကော်မတီ ဆိုတာမျိုးတွေပါမယ်၊ မူလပိုင်ရှင်တွေဖြစ်ကြောင်း ပြောဆိုတဲ့တောင်သူတွေပါမယ်"

ဒီစိစစ်ရေးအဖွဲ့အနေနဲ့ မြေကွက်တွေ ချထားပေးတာနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးခဲ့ခြင်း ရှိ မရှိ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ မိမိလုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်ပြီး ဆောင်ရွက်ခဲ့ခြင်းရှိ မရှိ၊ အဲဒီမြေကွက်တွေကို ဂရန်ထုတ်ပေးရာမှာ ထွေ/အုပ် ရုံးချုပ်က သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီခြင်း ရှိ မရှိ စတဲ့ အချက် ၁ဝ ချက် ကျော်ကိုအခြေခံ စိစစ်ရမှာဖြစ်ပြီး ၂ လအတွင်း ရခိုင်ပြည်နယ် လွှတ်တော်ကို အစီရင်ခံစာ တင်ပြရမှာဖြစ်ပါတယ်။

စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်က စက်မှုရပ်ကွက်အဖြစ် သိမ်းဆည်းထားတဲ့ မြေဧက ၅ဝဝ ကျော်ကို အစိုးရသစ်ကို အာဏာမလွှဲပြောင်းမီကာလအတွင်းမှာ အရင်အစိုးရက ဌာနဆိုင်ရာအရာရှိတွေအပြင် နီးစပ်ရာပုဂ္ဂိုလ်တွေကို ခွဲဝေချထားပေးခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်လွှတ်တော်မှာ တင်ပြဆွေးနွေးတာတွေရှိလာခဲ့တဲ့နောက် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌက စက်တင်ဘာ ၂၆ ရက်နေ့ကကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ စိစစ်ရေးအဖွဲ့ကို အတည်ပြု တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။