ဆတ်ရိုးကျတောင်သူတွေ ကို ပြည်နယ်အစိုးရက ခေါ်တွေ့
2016.12.28

ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်မှာ သိမ်းဆည်းခံထားရတဲ့ လယ်မြေတွေထဲက ဧက တစ်ရာကျော် ပြန်လည်ရရှိဖို့ တောင်းဆိုခဲ့တဲ့ ဒေသခံတောင်သူတွေထဲက ၇ ဦးကို ပြည်နယ်အစိုးရ အဖွဲ့က ဒီနေ့ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
ဒီကနေ့ စစ်တွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်တို့နဲ့ တွေ့ဆုံခဲ့ကြတာ ဖြစ်တယ်လို့ တေ့ွဆုံပွဲမှာ ပါဝင်ခဲ့တဲ့ တောင်သူ ဦးရန်မျိုးအောင် က ပြောပါတယ်။
''ဝန်ကြီးက လယ်သမားတွေကို ပြောပါတယ် ကျနော်တို့ မျှမျှတတလုပ်ပေးပါမယ်လို့ ပြောပါတယ်၊ လယ်သမားတွေရဲ့ ဘိုးဘွားပိုင် လုပ်ကိုင်နေတဲ့ လယ်မြေတွေမှာ တစ်ဧကရှိရင် တစ်ဧက ကျွန်တော်တို့က ဆုံးရှုံးခံလိုက်ရမှာလားလို့ မေးတော့ ဒီလိုလည်းမဟုတ်ပါဘူးလို့ ပြောပါတယ်၊ လယ်သမား ၇ ယောက်လောက်အတွက်ကိုပဲ သူတို့က ဆွေးနွေးပါတယ်၊ ကျနော်က လယ်သမား အကုန်လုံးအတွက် တင်ပြပါတယ်"
တောင်သူ ၂၃ ဦး ပိုင်တဲ့ လယ်မြေဧက တစ်ရာကျော်ကို ပြန်ရဖို့အတွက် သိမ်းဆည်းခံ လယ်မြေပြန်လည်ရရှိဖို့၊ လယ်မြေပေါ်က ကျူးကျော်အဆောက်အဦးတွေ ဖယ်ရှားပေးဖို့၊ ပြည်နယ်လွှတ်တော် ဥက္ကဌ နှုတ်ထွက်ပေးဖို့၊ လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်မြေ စိစစ်ရေးအဖွဲ့ကို ပြန်လည်အသစ် ဖွဲ့စည်းပေးဖို့ စတဲ့အချက်တွေ ကို တောင်းဆိုခဲ့ကြပါတယ်။
အဲဒီလယ်မြေတွေကို ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်က သိမ်းဆည်းခဲ့တာဖြစ်ပေမယ့် ၂၀၁၃ ခုနှစ် လောက်အထိ လုပ်ကိုင်ခွင့်ရခဲ့ပြီး ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ စက်မှုရပ်ကွက်အဖြစ် အကောင်အထည်ဖော် တယ်ဆိုပြီး ခြံစည်းရိုးခတ်တာ၊ အဆောက်အဦးဆောက်တာတွေ ပြုလုပ်လာတာဖြစ်တယ်လို့ တောင်သူတွေ က ပြောပါတယ်။
ဆတ်ရိုးကျရပ်ကွက်မှာ စက်မှုရပ်ကွက်အဖြစ် သိမ်းဆည်းထားတဲ့ မြေယာတွေထဲက ဧကအတော် များများကို အရင်ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ ဌာနဆိုင်ရာအကြီး အကဲတွေက မြေကွက်တွေရိုက်ပြီး အသီးသီးခွဲဝေယူခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။