မြေခွဲဝေယူသူတွေထဲမှာ မပါဝင်ကြောင်း ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း ငြင်းဆို
2016.10.03

ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်အနီးမှာ စက်မှုရပ်ကွက်အဖြစ် အရင်အစိုးရလက်ထက်က သိမ်းထားတဲ့ မြေဧက ၅၀၀ ကျော်ထဲက တချို့ကို ဌာနဆိုင်ရာအရာရှိတွေနဲ့ နီးစပ်ရာပုဂ္ဂိုလ်တွေ အသီးသီးခွဲဝေ ယူခဲ့ကြတဲ့ကိစ္စဟာ ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ကနေ အနားယူပြီးနောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ကိစ္စဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းက ဒီနေ့ ပြောလိုက်ပါတယ်။
အဲဒီမြေကွက်ချပေးတဲ့ကိစ္စဟာ ဦးမောင်မောင်အုန်း ဝန်ကြီးချုပ်အဖြစ်ကနေ နှုတ်ထွက်ပြီးနောက် ၈ လလောက် အကြာမှာ ရခိုင်ပြည်နယ် ယာယီဝန်ကြီးချုပ် ဦးမြအောင်တာဝန်ယူနေချိန်မှာ ချထားပေးခဲ့တာဖြစ်တယ်လို့ ဦးမောင်မောင်အုန်း က ပြောပါတယ်။
အစိုးရသစ်ကို အာဏာမလွှဲပြောင်းမီကာလအတွင်း အရင်အစိုးရတာဝန်ရှိသူတွေက မြေကွက်ဝေစု ခွဲဝေရာမှာ ဦးမောင်မောင်အုန်းအတွက်လည်း ခွဲဝေပေးခဲ့မယ့် လက်ခံယူခဲ့တာမရှိဘူးလို့လည်း ငြင်းဆိုပါတယ်။
စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်အနီးမှာ စက်မှုရပ်ကွက်အဖြစ် သိမ်းဆည်းထားတဲ့မြေတွေကို အစိုးရသစ်ကို အာဏာမလွှဲပြောင်းမီကာလအတွင်း အရင်အစိုးရဟောင်း ဝန်ကြီးတွေ၊ ဌာနဆိုင်ရာ အရာရှိတွေ၊ မြို့မိ မြို့ဖတွေ၊ နိုင်ငံရေးပါတီအချို့က တာဝန်ရှိသူတချို့ကို မြေကွက်တွေ အသီးသီးခွဲဝေပေးခဲ့ တာဖြစ်ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး မူလတောင်သူတွေက ကန့်ကွက်ပြောဆိုမှုတွေ ရှိလာခဲ့ပြီးတဲ့နောက် ရခိုင်ပြည်နယ် လွှတ်တော်က ကော်မတီဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်။