စက်မှုဇုန်မြေခွဲယူရာမှာ ANP ပါတီခေါင်းဆောင်တွေပါဝင်တယ် ဆိုပြီး တိုင်ကြား
2017.06.25

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်က သိမ်းဆည်းခံထားရတဲ့ စက်မှုမြေဧကပေါင်း တစ်ရာကျော်ကို ခွဲဝေယူထားတဲ့အထဲမှာ ရခိုင်အမျိုးသားပါတီက ထိပ်ပိုင်းခေါင်းဆောင် တချို့ပါဝင်တဲ့ အတွက် ပါတီဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းအရ အရေးယူပေးဖို့ မူလမြေပိုင်ရှင်တွေက ရခိုင်အမျိုးသား ပါတီဗဟိုဌာနချုပ်ထံ စာပေးပို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
စက်မှုမြေအဖြစ်သိမ်းဆည်းထားတဲ့ လယ်မြေတွေကိုရယူထားတဲ့အထဲမှာ ပါတီရဲ့ ထိပ်ပိုင်းခေါင်း ေဆာင်လေးဦး ပါဝင်နေပြီး တစ်ဦးက ပြန်လည်စွန့်လွှတ် ထားတယ်လို့ မြေ ၁၂ ဧကကျော် သိမ်းဆည်းခံထားရတဲ့ တောင်သူ ဦးမောင်ထွန်းသိန်း က ပြောပါတယ်။
"ထိပ်ပိုင်းခေါင်းဆောင်တွေက ယူထားတာတော့ကာ ကျနော်တို့ ဥက္ကဌ ဦးခိုင်ပြည်စိုးယူထားတာကို သိရှိရတယ်။ ဝန်ကြီးဟောင်း ဦးအောင်သန်းတင် ယူထားတာသိရှိရတယ်။ နောက်ပြီးတော့ ကွယ်လွန် သွားတဲ့ ဦးဖိုးမင်း ယူထားတာတွေ သိရတယ်။ ကျနော်တို့က အထောက်အထားနဲ့ ပြောနေတာပါ။ ယူထားတာမှာ လေးဦးပေါ့၊ လေးဦးမှာ တော့ကာ လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက တရားဝင် စွန့်သွားပြီလို့ သိရတယ်"
ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် ကတော့ တောင်သူတွေ တိုင်တန်းထားတဲ့ တိုင်တန်းစာကို လက်ခံရရှိတာ မရှိသေးဘူးလို့ ပြောပါတယ်။
ဒါ့အပြင် ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေထဲမှာ အစိုးရက ပေးထားတဲ့မြေကို လက်ခံသူတွေကို ဘယ်လိုပုံစံ အရေး ယူမယ်ဆိုတာ မပါရှိဘူးလို့ ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။
" အစိုးရကနေ ပေးခဲ့တဲ့မြေကို ရရှိတယ်ပဲထားပါတော့ သူတို့က အဲ့ဒီလိုအပေးခံရတဲ့အတွက် ကျနော်တို့ ပါတီက ဘယ်လိုများ အရေးယူရမှာလည်းဒါ။ ပေးတဲ့သူကပေးတယ်။ လက်ခံတယ်ပဲ ဖြစ်ဖြစ် လက်မခံတယ် ပဲ ဖြစ်ဖြစ် ဘာမှအကောင်အထည်မပေါ်သေးတဲ့မြေတွေ အတွက် ကျနော်တို့ ပါတီက ဘယ်လိုများအရေးယူဆောင် ရွက်သင့်သလဲ။ ကျနော်တို့ပါတီ ဖွဲ့စည်းပုံမှာကတော့ ဒီလိုအစိုးရကပေးလို့ မြေကိုလက်ခံ လို့ အရေးယူမယ်ဆိုတဲ့ အပိုဒ်တော့ ပါတီဖွဲ့စည်းပုံထဲမှာတော့ လုံးဝမပါဘူးခင်ဗျ"
ဆတ်ရိုးကျရပ်ကွက်က သိမ်းဆည်းခံလယ်မြေတွေကို စက်မှုဇုန်မဖော်ထုတ်ဖြစ်ခဲ့တာကြောင့် ၂၀၁၅ -၂၀၁၆ အစိုးရအကူးအပြောင်းကာလမှာ ပြီးခဲ့တဲ့အစိုးရအဖွဲ့ တာဝန်ရှိသူတွေက မြေကွက် ၇၀ လောက်ခွဲပြီး အစိုးရအဖွဲ့ ဝင်တွေကို ခွဲဝေချထားပေးခဲ့တယ်လို့ ပြောကြပါတယ်။
အဲ့ဒီလိုချထားပေးရာမှာ လက်ရှိလွှတ်တော်ဥက္ကဌ ဦးစံကျော်လှနဲ့ ဦးဖိုးမင်းတို့ကိုလည်း ပေ ၆၀ ၊ ပေ ၈၀ ခန့်ရှိ တဲ့ မြေကွက်တစ်ကွက်စီ ချထားပေးခဲ့ကြောင်းနဲ့ ဦးစံကျော်လှက ပြန်လည်စွန့်လွှတ်ပြီး ဖြစ်တယ်လို့ ဦးထွန်းအောင်ကျော်က ပြောပါတယ်။