စဥ့်ကူးမြို့နယ်က ပျူစောထီး သုံးဆယ်ကျော် ဖမ်းဆီးခံရ
2024.07.31

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ရွာသာယာရွာက ပျူစောထီးအဖွဲ့ဝင် သုံးဆယ်ကျော်ကို ဖမ်းဆီးထားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက RFA ကိုပြောပါတယ်။
ရွာသာယာရွာက ပျူစောထီးစခန်းကို ဇူလိုင်လ ၂၅ ရက်က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် ဖမ်းဆီးလိုက်တာလို့ စဥ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက RFA ကို ပြောပါတယ်။
"ရွာသာယာက တိုက်ပွဲ သုံးနာရီကျော်ပဲ ကြာပါတယ်။ တစ်ရွာလုံးကို ဖမ်းဆီးရမိလိုက်တယ်ပေါ့။ ဒီပျူစောထီးရွာက စဥ့်ကူးမှာ အကြီးဆုံးစခန်းလို့ ပြောလို့ရတယ်။ အဲဒီရွာကနေ စစ်ကိုင်းဘက်ကို စစ်ကောင်စီ စစ်ကြောင်းနဲ့လိုက်တဲ့ ပျုစောထီးတွေ နေကြတာပေါ့"
အဲဒီရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၁၅ ဦးရဲ့ ရုပ်အလောင်းတွေလည်း တွေ့ခဲ့ရပြီး အသက်ရှင်ကျန်တဲ့ စစ်ကောင်စီတပ်သားတွေထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးထားသူတွေထဲ အသက် ၂၀ ကနေ ၅၀ ဝန်းကျင်အရွယ် အမျိုးသား၊ အမျိုးသမီးတွေ ပါဝင်ပြီး စစ်ဆေးမေးမြန်းနေတယ်လို့ သူကပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
စဥ့်ကူးမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ခဲ့ပေမဲ့ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ရေကြောင်းကပါ နေ့စဉ်တိုက်ခိုက်မှုတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။