အသံတိတ်သပိတ်အကြောင်း ရေးလို့ဆိုပြီး အမျိုးသမီးတစ်ဦး အကြမ်းဖက်မှုနဲ့ ဖမ်းဆီးခံရ
2023.02.01
နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်က အသက် ၂၃ နှစ်အရွယ် မစိုးရတနာဦးကို ဇန်နဝါရီ ၃၀ ရက်နေ့က အသံတိတ် သပိတ်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့တာကြောင့် စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၃၁ ရက်နေ့မှာတော့ မစိုးရတနာဦးကို ဇဗ္ဗူသီရိမြို့နယ်တရားရုံးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ တရားစွဲဆိုခဲ့တယ်လို့ ဆိုပါတယ်။
ရုံးထုတ်ပြီးနောက်ပိုင်း မစိုးရတနာဦးကို စစ်ကောင်စီတပ်သားတွေ ခေါ်သွားတာကြောင့် မိသားစုနဲ့တွေ့ခွင့် မရလိုက်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဇဗ္ဗူသီရိမြို့နယ်ခံ အမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။
"ကလေးမလေးက ဖေ့စ်ဘွတ်ခ်မှာ အသံတိတ်သပိတ်နဲ့ ပတ်သက်တဲ့ ပို့စ်တစ်ခုကို တင်မိလိုက်တာပေါ့။ တင်ပြီး နာရီပိုင်းပဲကြာမယ် အိမ်ကိုလာဖမ်းသွားတာ၊ စစ်သား ၃၀ နီးပါးပါတယ်။ အခု အကြမ်းဖက်မှုနဲ့ တရားစွဲထားပြီ "
မစိုးရတနာဦးကို စွဲဆိုထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဟာ အမြင့်ဆုံးပြစ်ဒဏ် ထောင်ခုနစ်နှစ်အထိ ချမှတ်နိုင်တာကြောင့် မိသားစုဝင်တွေအနေနဲ့ စိုးရိမ်နေတယ်လို့ ဆိုပါတယ်။
မိသားစုဝင်တွေဟာ မစိုးရတနာဦးနဲ့ တွေ့ခွင့်ပေးဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တောင်းဆိုထားပေမယ့် အကြောင်းမပြန်ဘူးလို့လည်း မြို့ခံတစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းထားတာ နှစ်နှစ်ပြည့်ဖြစ်တာကြောင့် တစ်နိုင်ငံလုံးက ပြည်သူတွေဟာ မနက် ၁၀ နာရီကနေ မွန်းလွဲ ၃ နာရီအထိ အပြင်မထွက်ဘဲ အသံတိတ်သပိတ် ပြုလုပ်ခဲ့ကြပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီ ၃၁ ရက်နေ့အထိ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးမှာ ပြည်သူ ၂၉၄၀ ဦး သေဆုံးခဲ့ပြီး၊ ၁၃,၇၆၃ ဦး ဖမ်းဆီးခံထားရသလို ၁၄၃ ဦးကတော့ သေဒဏ် ချမှတ်ခံထားရပါတယ်။