ရွှေဘိုထောင်က နိုင်ငံရေးအကျဉ်းသားတွေ မိသားစုနဲ့ ဧည့်တွေ့ခွင့်မရ
2024.10.27

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၆၀၀ ခန့်ကို လုံခြုံရေးအကြောင်းပြပြီး ဧည့်တွေ့ ခွင့်ကန့်သတ်ထားတာ ငါးလနီးပါးကြာမြင့်လာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို အောက်တိုဘာလ ၂၇ ရက် ဒီနေ့ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကစပြီး ရွှေဘိုမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီးနောက် ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုနဲ့ ဧည့်တွေ့ခွင့်ကို တားမြစ်ပိတ်ပင်ခဲ့တာလို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
“အခုလိုမျိုး အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲနဲ့ စစ်အုပ်ချုပ်ရေးကို အကြောင်းပြတယ်။ လုံခြုံရေးအကြောင်းပြပြီး ပိတ်ပင်မယ်ဆိုရင် အကျဉ်းသားအားလုံးကို ပိတ်ပင်ရမှာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ လက်ရှိမှာ တခြားရာဇဝတ် အကျဉ်းသားတွေကိုတော့ မိသားစုနဲ့ ဧည့်တွေ့ခွင့်တွေပေးပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဧည့်တွေ့ခွင့်မပေးတာဟာ အကျဉ်းသားအချင်းချင်းမှာ အကျဉ်းသားအခွင့်အရေး အပြည့်အဝမရရှိဘဲနဲ့ အကျဉ်းသားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတာဖြစ်ပါတယ်”
ရွှေဘိုမြို့နယ်ရဲ့ စစ်အုပ်ချုပ်ရေး အဓိကတာဝန်ယူထားတဲ့ ဗိုလ်မှူးကြီး အောင်အောင်ဆိုတဲ့သူက နှုတ်မိန့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဧည့်တွေ့ခွင့်ကို ပိတ်ခဲ့တာလို့ သူကပြောပါတယ်။
ရွှေဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၆၀၀ ခန့်ရှိပြီး တိုက်ပွဲတွေကြောင့် မိသားစုဝင်တွေက အရင်လို ထောင်ဝင်စာ မပို့နိုင်တော့ဘူးလို့ဆိုပါတယ်။
ဒါ့အပြင် ထောင်ဝင်စာပို့ဖို့လည်း ခက်ခဲသွားတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ အစာအာဟာရ ချို့တဲ့မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဧည့်တွေ့ခွင့်မရတာကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အပြင်က သူတို့ရဲ့ မိသားစုဝင်တွေဟာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိလာတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံး ကို RFA က အောက်တိုဘာ ၂၇ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည်နှစ်ကတည်းက ပိတ်ထားခဲ့တဲ့ အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို စစ်ကောင်စီက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်ကစပြီး ပြန်လည်ခွင့်ပြုခဲ့တာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၂၅ ရက်ထုတ်ပြန်ချက်အရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူ သုံးသောင်းခန့် ( ၂၇၅၈၀ ဦး) ရှိပြီး အဲဒီအထဲက နှစ်သောင်းကျော် ( ၂၁၀၃၇ ဦး) ဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။